ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အနေဖြင့် ထိန်းသိမ်းကာကွယ် ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာသဘောထားနှင့်ပတ်သက်၍ ထုတ်ပြန်ချက် တစ်စောင်ကို ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်မှုများပြားပြီး ရေရှည်ဆက်ဆံ ရေးရှိခဲ့သည့်အတွက် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမျိုး ဆက်လက်ထူထောင် သွားမည် ဖြစ်ကြောင်း NUG ၏ နိုင်ငံခြားရေး၀န်ကြီးဌာနက အချက် ၁၀ ချက်ပါဝင်သည့် ၎င်းတို့၏ သဘောထားကို ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
NUG နိုင်ငံခြားရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တရုတ်နှင့် နှစ်နိုင်ငံကြား လူမှုရေး စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့်ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်တစ်နိုင်ငံထဲ မူဝါဒကို ဆက်လက်ထောက်ခံကျင့် သုံးသွားမည်ဟုဆိုထားသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါ အ၀င် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို NUG အနေဖြင့် တာ၀န်ယူ ဆက်ခံသွားမည်ဟုလည်း NUG နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန် ထားသည်။
ယင်းအပြင် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ကျားဖြန့်အွန်လိုင်းလိမ် လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအ၀င် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုခင်းများကို တရုတ်နိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍တိုက်ဖျက် သွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းများကို နှိမ်နင်းပေးရန် စစ်ကောင်စီ ကို ဖိအားပေးတောင်းဆိုမှုများရှိခဲ့သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။
စစ်ကောင်စီက ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိ၍ မြောင်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့သည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ တရုတ်-မြန်မာနယ်စပ် အပါအဝင် နိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျားဖြန့်) ကုမ္ပဏီများနှင့် ယင်းလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ကို ဆင်နွှဲခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” က စတင်ခဲ့သည့် တိုက်ပွဲများ မြန်မာတနိုင်လုံးတွင် အရှိန်အဟုန် မြင့်တက်ခဲ့ပြီးနောက် NUG ကပါ တရုတ်နိုင်ငံအပေါ် ၎င်းတို့၏ သဘောထားကို ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။
ပုံစာ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ Xi Jinping တို့ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက တွေ့ဆုံစဉ်
#မြန်မာနိုင်ငံ #တရုတ်ရင်းနှီးမြုပ်နှံမှုများ #စီးပွားရေးလုပ်ငန်းများ #လုံခြုံရေး #NUGထိန်းသိမ်းကာကွယ်မည် #Ayeyarwaddy_Times