မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

အခကြေးငွေယူ၍ လိုင်စင်မဲ့ကား Without များကို သယ်ဆောင်ပေးနေသည့် အင်းစိန် CID မှ ဒုရဲမှူးနှင့်အဖွဲ့ကို ကျိုက်မရောမြို့နယ်အတွင်း၌ တော်လှန်ရေး အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြ၀တီမြို့မှ လိုင်စင်မဲ့ကားကို ကိုယ်တိုင်မောင်းနှင်လာသည့် ရန်ကုန်အင်းစိန် CID မှ ဒုရဲမှူးငြိမ်းချမ်းနှင့် ရဲတပ်ဖွဲ့၀င်တစ်ဦး၊ မုဒုံမြို့မှ ကိုကျော်မင်းဆိုသည့် ကားပွဲစားတစ်ဦး စုစုပေါင်း သုံး ဦးကို ကျိုက်မရောမြို့နယ်၊ ကော့ပနော့ကျေးရွာလမ်းဆုံအနီး ဇာသပြင်-ခရုံဂူကားလမ်းတွင် ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြည်ထဲရေးနှင့်နီးစပ်သည့်သတင်းရင်းမြစ်ထံက သိရသည်။

ထိုသို့ ဖမ်းဆီးခံရသည့် ဒုရဲမှူးငြိမ်းချမ်းနှင့်အဖွဲ့သည် လိုင်စင်မဲ့ကားများကို အခကြေး ငွေယူ၍ သယ်ဆောင်ပေးပို့နေသူဖြစ်ပြီး ယခင်က မုဒုံမြို့ နယ်တွင် နယ်ထိန်း Incharge အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၎င်းတို့ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြထားခြင်းမရှိဘဲ သတင်းဖုံးဖိထားကြောင်း သိရသည်။

မြ၀တီမြို့မှ လိုင်စင်မဲ့ကားများကို သယ်ယူတင်သွင်းနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်အရာရှိပိုင်းနှင့် စစ်ကောင်စီတပ်၏ အရာရှိပိုင်းများကို တော်လှန်ရေးအဖွဲ့များမှ မကြာခဏ ဖမ်းဆီးရမိမှုများရှိနေကြောင်း သိရသည်။

ဒုရဲမှူးငြိမ်းချမ်းနှင့်အဖွဲ့ကို KNLA တပ်ဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း မည်သည့်တော်လှန်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထားခြင်းဖြစ်သည်ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုံစာ-အင်းစိန် CID ရုံးပုံ

#အင်းစိန်CID #ဒုရဲမှူးငြိမ်းချမ်း #လိုင်စင်မဲ့ကားတင်သွင်း #တော်လှန်ရေးတပ်ဖွဲ့ဖမ်းဆီး #Ayeyarwaddy_Times