ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ တစ်ခုတည်းသာကျန်ရှိသည့် ဗျူဟာကုန်းကို မဟာမိတ်တပ်ဖွဲ့များက ၀င်ရောက်‌တိုက်ခိုက်နေပြီး ၎င်းဗျူဟာကုန်းကျလျှင် ကွတ်ခိုင်မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာရွာဘက်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့များသည် ယမန်နေ့ ဇန်နဝါရီ ၁ ရက်ကစတင်၍ စစ်ကောင်စီကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်မှလည်း ၎င်းဗျူဟာစခန်းမကျစေရေးအတွက် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ-၄၅၊ ခလရ-၂၄၁၊ ခလရ-၂၄၂၊ ခလရ-၂၉၀ တို့ တပ်စွဲထားပြီး ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲရှိ ခလရ- ၂၉၀ ကို KIA တပ်မှ သိမ်းပိုက်ထိန်းချုပ်ထားကား နမ့်ဖတ်ကာရွာရှိ ခလရ-၁၂၃ ကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် စစ်ကောင်စီ၏ တပ်ရင်းသုံးရင်းမှာလည်း စစ်အင်အား အလုံအလောက်မရှိဘဲ ဗျူဟာကုန်း စခန်းကျပါက ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လက်လွှတ်ရမည်ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် ကွတ်ခိုင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ကောင်းခါးပြည်သူ့စစ်များကလည်း ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းသွားကြောင်း သတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။

ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာတို့ကို မဟာမိတ်အဖွဲ့များက သိမ်းဆည်းရရှိပါက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မူဆယ်မြို့အထိ လမ်းပိုင်းကို ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပုံစာ – တာမိုးညဲကို စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ခိုက် ဖျက်ဆီးနေစဉ်
#ရှမ်းမြောက် #ကွတ်ခိုင်မြို့ #စစ်ကောင်စီ #နောက်ဆုံးဗျူဟာကုန်း #မဟာမိတ်အဖွဲ့များတိုက်ခိုက် #Ayeyarwaddy_Times