ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် CDM ကျောင်းဆရာမ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ နှစ်ဦးရရှိကြောင်း ဒေသခံများထံက သိရှိရသည်။
စစ်ကောင်စီ၏ ဝန်းသိုအခြေစိုက် ခမရ ၁၂၀ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ဒီဇင်ဘာ ၃၀ ရက်နေ့ ည က နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး CDM ဆရာမ တစ်ဦး နှလုံးဖောက်သေဆုံးခဲ့ကာ ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” ပထမအကြိမ် ပစ်တုန်းက နေအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ် တစ်လုံးမီးလောက်ပျက်စီးခဲ့တယ်။ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရတယ်။ ဒုတိယအကြိမ် ထပ်ပစ်တယ်။ CDM ဆရာမ နေအိမ်မှာ ကျရောက်ပေါက်ကွဲပြီး ဆရာမ နှလုံးဖောက်ပြီး သေဆုံးခဲ့တယ် “ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပထမအကြိမ် လက်နက်ကြီးကျည် ပစ်ခတ်ရာတွင် ဦးဖိုးနိုင်နေအိမ်အား ထိမှန်ခဲ့ရာ နေအိမ်မီးလောင်ပျက်စီးခဲ့ရပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ ဒုတိယအကြိမ် လက်နက်ကြီး ကျရောက်ပေါက်ကွဲရာတွင် CDM ဆရာမ ဒေါ် မင်းမင်းစိန်၏ နေအိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းနေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကောလင်းမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီသည် ကောလင်းမြို့ကို ပြန်လည်သိမ်းယူနိုင်ရန် အင်အားအများပြားဖြင့် ကျေးရွာများကို ချည်းကပ်ပြီး စစ်ကြောင်းထိုး စစ်ဆင်နေကြောင်း ဒေသခံများထံက သိရှိရသည်။
ဓာတ်ပုံ- ပြည်သူမှပြည်သူသို့
#စစ်ကိုင်း #ကောလင်းမြို့ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #CDMဆရာမတစ်ဦးသေဆုံး #နှစ်ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times