ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးကွက်
(ဒီဇင်ဘာရက် ၁၆ မှ ၃၁ ရက်နေ့ အထိ နှစ်ပတ်အတွင်း ဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

၂၀၂၃ ခုနှစ်၏ နောက်ဆုံးလ ဒီဇင်ဘာကုန်ဆုံးသွားပြီဖြစ်သည်။ စစ်တပ်အာဏာ သိမ်းထားသည်မှာ သုံးနှစ်တာကာလ ပြည့်မြောက်တော့မည်ဖြစ်သည်။ အခေါက်ရွှေဈေး၊ ဒေါ်လာဈေး၊ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများက ဈေးအမြင့်မှာပင် တည်ရှိနေသည်။

နှစ်သစ်ကူးကာလတွင် ကုန်သွယ်ရေးဇုန်များရှိရာ နယ်စပ်ဒေသများ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိနေသည်။

ပြည်တွင်းထုတ်လုပ်သည့်ကုန်ပစ္စည်းများအတွက် ကုန်ကြမ်းများအပါအဝင် ပြည်ပသွင်းကုန်များကို အားထားအသုံးပြုနေရသော နိုင်ငံဖြစ်သည့်အတွက်ကြောင့် အထွေထွေကုန် ဈေးနှုန်းက မြင့်တက်နေဆဲဖြစ်သည်။

#နိုင်ငံခြားငွေလွဲဈေးနှုန်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲရေးနှင့်ပတ်သက်ပြီး မူဝါဒပြောင်းလိုက်သည့် နောက်တွင် အမေရိကန်ဒေါ်လာငွေလဲဈေးနှုန်းက တရိပ်ရိပ်မြင့်တက်လာသည်။

အမေရိကန် တစ်ဒေါ်လာ လျှင် ကျပ် ၅၀ ဝန်းကျင် တဖြည်းဖြည်းမြင့်တက်သွားပြီး အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခုနှစ်ပတ်အတွင်း ဈေးအနည်းငယ်ပြန်ကျလာကြောင်းသိရသည်။

ဒီဇင်ဘာတစ်လအတွင်း ပြောင်းလဲသွားသည့် ဈေးနှုန်းများကိုကြည့်ရာတွင်မူ ကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၅၀ ဝန်းကျင်ဈေးမြင့်တက်လာကြောင်းတွေ့ရသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် ကျပ် ၃၅၂၀ ကျပ်ရှိရာမှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ၃၄၇၀ ကျပ်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှစုံစမ်းသိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ကျပ်လျှင် ၃၄၂၀ ကျပ်ရှိကြောင်းဈေး ကွက်အတွင်းမှ စုံစမ်းသိရသည်။

တရုတ်ယွမ်ငွေဈေးနှုန်းအခြေအနေတွင် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်များ လုပ်ငန်း ရပ်ဆိုင်းထားနေရဆဲဖြစ်ပြီး တရုတ်ယွမ်ဈေးက ဈေးအမြင့်မှပင်ရှိနေသည်။ ဒီဇင်ဘာလအတွင်း တစ်ယွမ်လျှင် ၁၀ ကျပ်နီးပါးဈေးတက်သွားကြောင်းသိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် တရုတ်တစ်ယွမ်လျှင် ၄၇၆ ကျပ်ရှိသဖြင့် ၁၀ ကျပ်ဝန်းကျင် ဈေးတက်လာခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တစ်ယွမ် ၄၈၁ ကျပ်ရှိပြီး ၃၁ ရက်နေ့တွင် တစ်ယွမ် ၄၈၅ ကျပ်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် မြန်မာ့ အိမ်နီးချင်းထိုင်းနိုင်ငံတွင် နှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ ကျင်းပနေပြီး ထိုင်းငွေသုံးစွဲမှု များခြင်းကြောင့် ဘတ်ဈေးအမြင့်တွင်သာရှိနေကြောင်းသိရသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၉ ကျပ်ရှိပြီး နှစ်ကုန် ၃၁ ရက်နေ့ထိ ၉၉ ကျပ်နှုန်းရှိကြောင်းသိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

နိုင်ငံရေး မငြိမ်သက်မှုကြားတွင် ငွေအဖြစ် ပြန်လည်ပြောင်းလဲလွယ်သော အခေါက် ရွှေကို ဝယ်ယူစုဆောင်းထားသဖြင့် ရွှေဈေးနှုန်းက အမြင့်မှာပင်ရှိနေသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းကျော်လာပြီဖြစ်သည်။

ပြည်တွင်းရွှေဈေးကွက်တွင် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကျပ် ၃၇ သိန်းရှိပြီး ၃၁ ရက်နေ့တွင် ကျပ် ၃၇ သိန်း ငါးထောင်ရှိကြောင်း ရွှေဈေးကွက်မှစုံစမ်းသိရသည်။

“ အခုကာလရွှေဝယ်ရင် တစ်ဆိုင်ထဲမမေးနဲ့ နာမည်ကြီး နှစ်ဆိုင်၊ သုံးလောက် မေးပြီးမှဝယ်သင့်တယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင်ဈေးက တစ်သိန်းလောက်ကွာတယ်။ ပြန်ရောင်းရင်လည်း ဝယ်ဈေးနှိမ်တာ တွေလုပ်တယ် ရွှေအလေးချိန်မတွတ်တတ် ကျတော့ မေးမြန်းပြီးမှပဲဝယ်သင့်တယ်” ဟု ရွှေစုသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

ယခုနှစ်ကုန် ဒီဇင်ဘာတစ်လလုံးနီးပါး ရန်ကုန်မြို့တော်အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်ရှားပါးမှုများကို ကြုံတွေ့နေရဆဲဖြစ်သည်။

နှစ်သစ်ကူးကာလအထိ အချို့စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတန်းစီဝယ်ယူနေရပြီး အချို့ဆီအမျိုးစားကို ရောင်းချနိုင်ခြင်းမရှိဘဲ ပြတ်လပ်မှုရှိနေဆဲဖြစ်ကြောင်းသိရသည်။

“ ဆီကတော့သိတဲ့အတိုင်းပဲ တန်းစီရတဲ့အခါတန်းစီရတယ်။ တချို့တန်းစီစရာမလိုတဲ့ အခါလည်းရှိတယ်။ ဒီလိုပဲသွားမယ်ထင်တယ်” ဟု ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ယာဉ်မောင်း တစ်ဦးကဆိုသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂,၅၅၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၆၅၅ ကျပ် ၊ ပရီမီယံဒီဇယ် ၂၄၉၀ ကျပ်နှင့် ဒီဇယ် ၂၄၈၀ ကျပ်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၄၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ၂၅၄၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၂၄၅ ကျပ် နှင့် ဒီဇယ် ၂၂၄၀ ကျပ်သတ်မှတ်ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဒီဇင်ဘာတစ်လအတွင်း အောက်တိန်း တစ်လီတာ ကျပ် ၁၅ ကျပ်မှ ၄၀ ကျပ် နှင့် ဒီဇယ်ဈေးနှုန်းတွင် ဒီဇယ်တစ်လီတာ ကျပ် နှစ်ရာ နီးပါးမြင့်တက်လာသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

လက်ရှိသတင်းနှစ်ပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးတွင် ဆန်၊ စားသုံးဆီ ဈေးအပါအဝင် စားဖိုဆောင်သီးနှံဈေးနှုန်းများက ဈေးအမြင့်မှာပင်ရှိနေကြောင်း သိရသည်။ ဆန်ဈေးကွက်အတွင်း ဆန်အသစ်များဝင်ရောက်လာပြီဖြစ်သည်။

ဆန်အသစ်ဈေးနှင့် အဟောင်းဈေးမှာမူ ကျပ်တစ်သောင်းခွဲနီးပါးဈေးနှုန်း ကွာခြားပြီး စားသုံးမှုများသည့် ဆန်အမျိုးအစားများ၏ ဆန်အဟောင်းဈေး ကျပ်နှစ်သောင်း နီးပါးမြင့်တက်သွားကြောင်း ဆန်အရောင်းဆိုင်ရှင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၅၀,၀၀၀ ကျပ်၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး ၁၅၀,၀၀၀ ကျပ်၊ ကျားပျံရှယ် ၁၄၀,၀၀၀ ကျပ်၊ တောင်ပျံရှယ် ၁၄၀,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးရှယ် ၁၃၂,၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်း ၁၁၂,၀၀၀ ကျပ်၊ ဆင်းသွယ်ရှယ် ၉၈,၀၀၀ ကျပ်၊ ဇီယာရှယ် ၈၆,၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက်ကားအရောင်းဆိုင်များထံက သိရသည်။

ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီ တစ်ပိဿာ လျှင် ကျပ် ၄၈၁၅ သတ်မှတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင်သွင်း သည့် ကုမ္ပဏီပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်း တစ်ပိဿာ ကျပ် ၄၉၅၅ ဖြင့် စားအုန်းဆီရောင်းချရာ နေရာများတွင်ပြည်သူများက တန်းစီးတိုးဝယ်နေရသည်။

“ကုန်ဈေးနှုန်းက အကုန်တက်နေတာပဲ။ ဘာမှကျတာမရှိဘူး။ သူတို့(စစ်ကောင်စီ) ရှိနေသမျှ ဘယ်တော့မှကျတာရှိမှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ဆိုသည်။

ထို့ပြင် စားဖိုဆောင်သီးနှံဈေးနှုန်းဆက်လက်မြင့်တက်နေရာတွင် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ နှစ်သောင်းကျပ်၊ အာလူးတစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် တစ်လလုံးနီးပါး အမြင့်ဈေးတွင်သာ ရှိနေကြောင်း ရန်ကုန်မြို့ရှိ လက်လီအရောင်းဆိုင်များထံက သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဒီဇင်ဘာ၁၆မှဒီဇင်ဘာ၃၁ #Ayeyarwaddy_Times