ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီ ၂ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မတူပီမြို့ပေါ်ရှိ စစ်ကောင်စီ၏ အခြေချဗျူဟာကုန်း၊ ခလရ-၁၄၀ တပ်ရင်းနှင့် ခမရ-၃၀၄ တပ်ရင်းတို့ မကျစေရေးအတွက် ခံစစ်အဖြစ် ကြိုတင်ပြင်ဆင် မှုများပြုလုပ်နေကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် ဒေသခံများထံ က သိရသည်။
မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်က သိမ်းပိုက်စဉ်က စစ်ကောင်စီတပ်စခန်းကိုစွန့်ခွာ၍ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေး သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း မတူပီမြို့ရှိတပ်ရင်း၊ တပ်ဖွဲ့များထံသို့ ပြန်လည် ရောက်ရှိပူးပေါင်းနေပြီး ထေဘွေးတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခမရ ၃၀၄ တပ်ရင်းသို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်လာရင် ကြိုတင်ကာကွယ်ခုခံနိုင်ဖို့အတွက် မတူပီ-ဖနိုင်အကြား ကားလမ်း အပေါ်ဘက်တွေမှာ ကတုတ်ကျင်းတွေ စနစ်တကျတူးထားတယ်။ ပြီးတော့ ခမရ-၃၀၄ အပြင် မတူပီ၊ အထက(၁) ကျောင်းဝင်းမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်။ လိုင်လင်းပီ၊ ရေဇွာ၊ ထေဘွေးတပ်စခန်းတွေ မသိမ်းပိုက်ခင်တုန်းကတော့ အဖြစ် သဘောပဲ တူးတာပါ။ အခုကတော့ ကတုတ်ကျင်းကနေ အပြန်အလှန်ဆက်သွယ်ကြဖို့၊ လက်နက်တွေသယ်ဆောင်နိုင်ဖို့အထိ တိုးချဲ့ပြီးတော့ တူးထားတာ”ဟု စစ်ကောင်စီ တပ်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မတူပီမြို့ကို လက်လွှတ်မခံရစေရန်အတွက် တပ်အင်အား ၃၀၀ ခန့်လည်း ထပ်မံဖြည့်တင်းထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ချင်းကာကွယ်ရေးပူးပေါင်းတပ်များသည် မတူပီမြို့အနီးရှိ တပ်စခန်းများကို သိမ်းပိုက် ထားနိုင်သလို မြို့အဝင်/အထွက်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းများကိုလည်း မကြာခဏ တိုက်ခိုက်မှုကြောင့် မတူပီအခြေချ စစ်ဗျူဟာကုန်းမှ ဗျူဟာမှူးသည်ပင် ယခင်ကကဲ့သို့ မတူပီမြို့အတွင်း ဖြတ်သွား/ဖြတ်လာ ပြုလုပ်ရဲခြင်း မရှိတော့ကြောင်း သိရသည်။
“အရင်တုန်းကတော့ သူတို့(စစ်ကောင်စီ)လက်အောက်ခံဌာနဆိုင်ရာအစည်းအဝေးတွေ ပြုလုပ်ရင် ထွေ/အုပ်ရုံးမှာပဲ လုပ်တယ်။ အခုတော့ ဗျူဟာမှူးက မြို့ထဲမလာရဲတော့ဘူး။ အစည်းအဝေးတွေခေါ်ရင်လည်း ဗျူဟာကုန်းမှာပဲ ခေါ်တယ်။ တပ်ထဲမှာလည်း အစည်း အဝေးတွေ လုပ်နေပြီ”လို့ မတူပီမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မတူပီမြို့ပေါ်ရှိ စစ်ဗျူဟာကုန်းနှင့် တပ်ရင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား စုစုပေါင်း ၃၀၀ အထက်နှင့် ရဲမေအင်အားလည်း ၃၀၀ခန့်ရှိနိုင်ကြောင်းသိရပြီး ညဘက် ကင်းကို အမျိုးသားများအား ကင်းချထား၍ နေ့ခင်းဘက်တွင် အမျိုးသမီးများကို ကင်းတာဝန် ချထားကြောင်းသိရသည်။
ပုံစာ-မတူပီမြို့နှင့် စစ်ကောင်စီ၏ ခလရ-၁၄၀ တပ်ရင်း။
#မတူပီ #စစ်ကောင်စီဗျူဟာကုန်း #တပ်ရင်း #မကျစေရေး #ခံစစ်ပြင်ဆင် #တပ်အင်အားဖြည့်တင်း #Ayeyarwaddy_Times