မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
တိုင်းရင်းသား အဖွဲ့များအနေဖြင့် မြို့ရွာများကို စစ်ရေးအရ သိမ်းပိုက်ထားနိုင်သော်လည်း ၎င်းဒေသများ အေးချမ်းသာမှုမရှိအောင် လက်နက်ဆန်းများဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီက ကူမင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့၀င်များနှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (NSPNC)အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ယခုကဲ့သို့ခြိမ်းခြောက် ပြောဆိုသွားခြင်းဖြစ်သည်။
“မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ် ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူး။ ငါတို့မှာရှိတဲ့ လက်နက်ဆန်း တွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်ကပြောဆိုခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက ရှမ်းမြောက်အတွင်းရှိ စစ်ရေးအရဗျူဟာကျသည့် စစ်စခန်းများ နှင့် အရေးပါသည့်မြို့များကို ညီနောင်မဟာမိတ်အဖွဲ့ များက သိမ်းပိုက် မှုများပြုလုပ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံ၏ကြား၀င်စေ့စပ်မှုဖြင့် မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီက ယခုလိုတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့ကပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသည် ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီ၏ ဒုတိယမြောက်တွေ့ဆုံမှုဖြစ်ပြီး အထမြောက်အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှ ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း စစ်ခေါင်းဆောင်က နိုင်ငံကို တိုးတက်စေဖို့ ဆန္ဒမရှိသူများက ပြည်သူ၊ ပြည်သားများကို နည်းမျိုးစုံနှင့် နှောင့်ယှက်ခဲ့ မှုများရှိကြောင်း ပြောကြားထားသည်။
“ဒီမိုကရေစီ နည်းလမ်းတကျနှင့် ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူ တွေကတော့ ပြည်သူ၊ ပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်း ရှိပါတယ်။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကိုချစ်တဲ့စိတ်၊ ညီညွတ်တဲ့ အားနဲ့ကျော်လွှားရပါမယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ နှစ်သစ်ကူး မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။
ပုံစာ- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ မိုင်းလားတွင် တွေ့ဆုံစဥ်
#စစ်ကောင်စီ #သိမ်းခံရသည့်မြို့များ #တိုင်းရင်းသားနယ်မြေများ #လက်နက်ဆန်း #ဗုံးကြဲမည် #ခြိမ်းခြောက် #Ayeyarwaddy_Times