ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဒီဇင်ဘာ ၂ ရက်

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းသည် ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း သိရသည်။

ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ ခမရ-၄၀၉ တပ်ရင်းသည် ယနေ့ နံနက် ၈ နာရီကျော်ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” ပထမ အသံအကျယ်ကြီး နှစ်ချက်ကြားရတယ်။ နာရီဝက်လောက်ကြာတော့ အတွဲလိုက်ပစ်ခတ်သံတွေ ဆက်တိုက်ထပ်ကြားရတယ်။ တပ်ရင်းထဲက အဆောက်အအုံ တွေ ထိခိုက်ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်” ဟု ကလိန်အောင်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ခမရ ၄၀၉ တပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကလိန်အောင်မြို့ရှိ စျေးများကိုပိတ်သိမ်းခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်နေကြသည့် ကျောင်းသား/သူ များကို အုပ်ထိန်းသူများက သွားရောက်ခေါ်ယူခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ဗံုးသီးချတိုက်ခိုက်မှုကြောင့် ခမရ ၄၀၉ တပ်ရင်းအတွင်းရှိ အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီးစစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း သေဆုံးသူ အရေအတွက်နှင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကိုမူ သိရှိရခြင်းမရှိ​သေးပေ။

ကလိန်အောင်မြို့ကို အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခလရ- ၂၈၂ ၊ခမရ-၄၀၈၊ ခမရ-၄၀၉ ၊ ခမရ-၄၁၀ တပ်ရင်း လေးရင်းရှိပြီး အဆိုပါ တပ်ရင်းများအနက် ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ ခမရ-၄၀၈၊ ခမရ-၄၀၉ ၊ ခမရ -၄၁၀ တပ်ရင်းသုံးရင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏ သွားရောက်တိုက်ခိုက်ခြင်း ခံနေရကြောင်း သိရသည်။

#ကလိန်အောင်အခြေစိုက် #ခမရ၄၀၉တပ်ရင်း #ဒရုန်းဖြင့် #ဗုံးသီးချတိုက်ခိုက် #Ayeyarwaddy_Times