နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

ကရင်ပြည်နယ် တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်း ကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းအတွင်း တပ်စခန်းချနေသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးပြီး ၁၁ ဦးလက်နက်ချအညံ့ခံခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီအထိုင်ချထားသည့် အဆိုပါ စခန်းများကို ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက် နေများတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ ရက်ဆက်တိုက် တိုက်ပွဲများ ပြင်ထန်ခဲ့ကြောင်း သိရသည်။

“ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်းခဲ့ပါတယ်။ ၂၈ ရက်နေ့မှာတော့ မြောက်ကြာအင်း ဘက်က ရန်သူ(စစ်ကောင်စီတပ်)စစ်ကူစစ်ကြောင်း ထိုးလာတာရှိပါတယ်။ ဒီဘက်က တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ရော မြေပြင်စစ်ကြောင်းပါ ပြန်လည် ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် အကျအဆုံးများစွာနဲ့ ပြန်ဆုတ်သွားပါတယ်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၏ တာဝန်ရှိသူ အောင်စံရှားက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြေပြင်နှင့် တိုက်ပွဲအခြေအနေအရ သတင်းကိုနောက်ကျမှ ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည် KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ federal wings ဒရုန်းအဖွဲ့၊ ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များမှ တောင်ကြာအင်း ကျေးရွာစာသင်ကျောင်းနှင့် ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ တပ်များကို အပြီးတိုင်ချေမုန်းနိုင်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ SOF တာဝန်ရှိ သူထံက သိရသည်။

“ လက်ရှိမှာ ကြာအင်းဆိပ်ကြီး – ကော့ကရိတ်လမ်း တခုလုံး အာရှလမ်းပေါ်အထိ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားဆဲပါ။ စစ်ကောင်စီတပ်က ကော့ကရိတ်ကနေ ၁၂၀-မမ၊ အတွဲလိုက်ပစ်ဒုံး၊ ဟောင်ဝှစ်ဇာတွေနဲ့ပါ ကြာအင်း ကျေးရွာကို နေ့ရောညပါ ရန်းသန်းပစ်ခတ်နေပါတယ်။ လူနေအိမ်တွေလည်း နေ့တိုင်း မီးလောင်ပျက်စီးနေပြီး ဒေသခံရွာသားအားလုံး လက်နက်ကြီးနဲ့ဝေးရာနေရာတွေမှာ စစ်ရှောင်နေရပါတယ်” ဟု S.O.F ၏ တာဝန်ရှိသူ အောင်စံရှားက ဧရာ၀တီတိုင်းမ်ကို ဆက်လက်ပြောကြားသည်။

၂ ရက်တာ တိုက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁၄ ဦးသေဆုံးကာ လက်နက်ချ အညံခံသူ ၁၁ ဦးရှိခဲ့ပြီး လက်နက်မျိုးစုံ ၂၈ လက်ကို သိမ်းဆည်းနိုင်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း SOF တောင်ပိုင်းတိုင်း.အထူးတပ်ဖွဲ့တာဝန်ရှိသူထံက သိရသည်။

သူတို့ကို (လက်နက်ချအညံ့ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ) စစ်ဘက်ဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းနဲ့အညီ ကောင်းကောင်းထိန်းသိမ်းပေးထားပါတယ်၊ ဆေးဝါးစောင့်ရှောက်မှု ပေးထားတယ်၊ လုံခြုံစိတ်ချရတဲ့နေရာမှာ ထားထားပါတယ်” ဟု ကိုအောင်စံရှားက ဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်မှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် တောင်ကြာအင်း ကျေးရွာရှိ လူနေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံအချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အနေဖြင့် တောင်ပိုင်တိုင်းအတွင်း ကျေးလက်စစ်ဆင်ရေးနှင့် မြို့တွင်း စစ်ဆင်ရေးများကို စစ်ရေးအရှိန်မြင့်ကာ ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု S.O.F က ထုတ်ပြန်ထား သည်။

ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)
ပုံစာ-တောင်ကျအင်းကျေးရွာရှိစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေစဉ်
#တောင်ကြာအင်းကျေးရွာ #စာသင်ကျောင်းနှင့်ရဲစခန်း #စစ်ကောင်စီတပ် #ဝင်ရောက်တိုက်ခိုက် #စစ်ကောင်စီတပ်ဖွဲ့ဝင်၁၄ဦးသေဆုံး #၁၁ဦးလက်နက်ချအညံ့ခံ #Ayeyarwaddy_Times