နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
တရုတ်၏ ကြားဝင်မှုဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ညီနောင် မဟာမိတ်သုံးဖွဲ့တို့အကြား နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေမှုသည် အချိန်တစ်ခုကို စောင့်ဆိုင်းခြင်းဖြစ်ပြီး ရလဒ်ထွက်မလာသည့်အတွက် စစ်ကောင်စီအနေဖြင့် လောက်ကိုင်အပါအဝင် ရှမ်းမြောက်ဒေသကို စွန့်လွှတ်ရနိုင်ကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေး စစ်ရှိန်မြှင့် လာချိန်တွင် တရုတ်အစိုးက ကြားဝင်လာသောကြောင့် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် ညီနောင် မဟာမိတ် သုံးဖွဲ့တို့အကြား ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုကို တရုတ်အစိုးရနှင့် စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ခဲ့ပြီး လောက်ကိုင်မြို့၌ ၁၅ ရက် ယာ ယီအပစ်ရပ်ရေး၊ စစ်သုံ့ပန်း လဲလှယ်ရေးနှင့် စစ်ဘေးရှောင်ကူညီရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော်(MNDAA) တို့အကြား ရက်အနည်းငယ်ကြာ တိုက်ပွဲများ လျော့ကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် စတင်ခိုးဝင် တိုက်ခိုက်လာသကဲ့သို့ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့်ပါ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကိုးကန့်တပ်မတော်(MNDAA) အနေဖြင့် လောက်ကိုင်မြို့ကို ပြန်လည်စိုးမိုး အုပ်ချုပ် နိုင်ရန်အတွက် လက်ရှိတွင် ဗျူဟာစခန်းကုန်းသာ နောက်ဆုံးသိမ်းရန် ကျန်ရှိတော့ပြီး ထိုအတွက် စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အချိန်စောင့်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောကြားသည်။
“မြေအနေအထားက သူက(စစ်ကောင်စီ) အပေါ်စီးရနေတဲ့ အနေအထားဖြစ်တဲ့အတွက် ကိုယ့်ဘက်(MNDAA)က လောက်ကိုင် ဗျူဟာစခန်းကို တက်သိမ်းမယ်ဆိုရင် တန်ဖိုးတစ်စုံတစ်ရာ ပေးရနိုင်တဲ့အတွက် ညှိနှိုင်းကြည့်တာ၊ အချိန်စောင့်နေတာပါ။ အချိန်ပြဿနာပါပဲ။ ဒါပေမယ့် ဒီဆွေးနွေးပွဲတွေ မအောင်မြင် ဘူးဆိုရင်တော့ ရက်ပိုင်းအတွင်း လောက်ကိုင်ဗျူဟာကို တိုက်မယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်” ဟု ဦးသန်းစိုးနိုင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်-MNDAA ၊ တအာင်းတပ်မတော်-TNLA ၊ ရက္ခိုင့်တပ်တော်-AA တို့နှင့် နိုင်ငံရေးအရ ဖြေရှင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန် ပြောဆိုခဲ့ သော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကမူ နိုင်ငံရေး ရည်မှန်းချက်များကို ၎င်းတို့ အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှု့သွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍ သွားမည့်သူများ မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယင်းနောက် တရုတ်ကြားဝင်မှုဖြင့် ဒုတိယအကြိမ် နှစ်ဖက်တွေ့ဆုံမှုကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကူမင်းမြို့၌ပင် ပြုလုပ်ခဲ့သော်လည်း ရေရာသည့်အဖြေ ထွက်မလာခဲ့သလို လက်ရှိတွင် တိုက်ပွဲအရှိန်လည်း မြင့်တက်လျက်ရှိကြောင်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs)နှင့် ဒေသခံများထံက သိရသည်။
“အခုဒုတိယအကြိမ် ဆွေးနွေးပွဲလည်း ပျက်သွားပြီဆိုတော့ လောက်ကိုင်ကို MNDAA ကတော့ သိမ်းပိုက်ဖို့ ကြိုးစားတော့မယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် သဘောပေါက်ထားဖို့က တရုတ်က လောက်ကိုင်ဖြစ်စဉ်မှာ၊ ဆွေးနွေးပွဲဖြစ်စဉ်မှာ ဝင်ပြီးဆုံးဖြတ်တာ၊ ပါဝင်တာမျိုးမရှိပါဘူး။ သူတို့က အစည်းအဝေးဖြစ်အောင် စီ စဉ်ပေးတာပဲ ရှိပြီးတော့ ဘယ်လိုဘယ်လို ဆုံးဖြတ်ပါဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ဘက်က ပါဝင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ လောက်ကိုင်မှာတော့ စစ်ရေးအရှိန် ပိုမြင့်လာလိမ့်မယ်။ ညီနောင်သုံးဖော်ကလည်း နွေဦးတော်လှန်ရေး လှုပ်ရှားမှု အရှိန်အဟုန်ကို ဆက်မြှင့်တင်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်မိပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ထိုဆွေးနွေးပွဲများနှင့် ပတ်သက်၍ လောလောဆယ်တွင် မည်သည့်မှတ်ချက်မှ မပေးလို သေးကြောင်းနှင့် ၎င်းတို့ထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်းသာ ဆက်လက် ဖော်ဆောင်သွားမည်ဟု တအာင်းတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူရုံးမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဖြေကြားသည်။
လက်ရှိအချိန်တွင် လောက်ကိုင်မြို့၌ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဒေသတွင်း သတင်းများအရ သိရှိရပြီး ၎င်းတို့နှင့်အတူ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့က ဆက်လက်ပေကပ် ခေါင်းမာ၍ တုံ့ပြန်တိုက်ခိုက်နေကြောင်း MNDAA က ဆိုသည်။
ယင်းအခြေအနေကြောင့် လောက်ကိုင်မြို့တွင် တိုက်ပွဲများ၊ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ အချိန်မရွေး ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသတွင်း ပြည်သူလူထုနှင့် နိုင်ငံခြားသားများအနေဖြင့် လုံခြုံဘေးကင်းသည့် နေရာသို့ အမြန်ဆုံးတိမ်းရှောင်ကြရန် ကိုးကန့်တပ်မတော်(MNDAA) က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်တိုက်တွန်းထားသည်။
“အစကတည်းကလည်း ဒီနယ်မြေတွေက အစွန်အဖျားဖြစ်တယ်။ ထိန်းသိမ်းရ ခက်တယ်။ အင်္ဂလိပ်တွေတောင်မှ ဒီနေရာကို တပ်မစွဲရဲဘူး။ သက်ဆိုင်ရာနဲ့ပဲ ထားခဲ့ တယ်ဆိုတဲ့ အစဉ်အလာရှိတယ်ပေါ့။ အဲဒီတော့ နောက်ဆုံး နစက(စစ်ကောင်စီ) အနေနဲ့ကတော့ သူက သိက္ခာအကျတော့ မခံဘူး။ ဒီနေရာကို အခုအချိန်မှာ နယ်မြေ တော်တော်များများ လက်လွှတ်လိုက်ရရင်လည်း နောင်တစ်ချိန်မှာ ပြန်ပြီးတော့ သူတိုက်မှာပဲ” ဟု စစ်တပ်အရာရှိ ဟောင်း၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ တရုတ်အစိုးရကလည်း ၎င်းတို့နိုင်ငံသားများကို လုံခြုံရေးအန္တရာယ်ကြောင့် ဖြစ်နိုင်သမျှ စောလျင်၍ ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့ကနေ ထွက်ခွာကြရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စိတ်ရှည်သည်းခံမှု ကျင့်သုံးကာ မြေပြင်၌ တင်းမာမှုအခြေအနေအား လျှော့ချ၍ မြန်မာနိုင်ငံမြောက်ပိုင်းက လက်ရှိပဋိပက္ခကို ညင်သာစွာ ဖြေရှင်းရန် တိုက်တွန်းထားသည်။
“အဓိကကတော့ သူတို့တွေ့ဆုံတယ်ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ် ဖိအားကြောင့် တွေ့တာပေါ့။ ဒါတွေ့လိုက်လို့လည်း လက်ရှိရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲကြီးက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့ လည်းဆို ဒါမဖြစ်မနေတွေ့ရမယ့် အခြေအနေမျိုးမို့တွေ့တာ။ တွေ့ပြီးတဲ့နောက်မှာလည်း ဒီနေ့အထိ ကြည့်မယ်ဆိုရင် တိုက်ပွဲကတော့ ကျွန်တော်တို့ ရှမ်းမြောက်မှာ ဖြစ်နေတုန်းပဲ။ ကိုးကန့်ဒေသ လောက်ကိုင်မှာဆိုရင်လည်း ဒီရက်ပိုင်းမှာ ဆက်ဖြစ်လာပြီ” ဟု ရှမ်းပြည်နယ် အခြေစိုက် ရွှေဖီမြေ သတင်းဌာန၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားလာသည့် ကိုးကန့်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ လေကြောင်းဖြင့် (၄၉)ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော်-MNDAA က ထုတ်ပြန်ပြောဆိုထားသည်။
“အခုလည်း လက်လွှတ်နေရတာပဲလေ။ စစ်ကောင်စီတပ်က ဘယ်သူမှ မကျန်သလောက်ပဲလို့ ကြားတာပဲ။ အခြားသတင်း ထူးထူးခြားခြားလည်း မတွေ့ပါဘူး။ အဲဒီနေရာတွေကို လက်လွှတ်ပေးရလိမ့်မယ် ထင်တယ်” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုံစာ-ညီနောင်မဟာမိတ်သုံးဖွဲ့
#စစ်ကောင်စီ #လောက်ကိုင် #ရှမ်းမြောက်ဒေသ #စွန့်လွှတ်ရနိုင် #Ayeyarwaddy_Times