နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ရက်

မန္တလေးတိုင်း မြင်းခြံခရိုင် နွာထိုးကြီးမြို့ရှိ မြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း (၄) PDF တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ်စခန်းချနေထိုင်သည့် အဆိုပါ နေရာများကို ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မြင်းခြံခရိုင် တပ်ရင်း (၄) PDF တပ်ဖွဲ့က အင်အားအလုံးရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နွားထိုးကြီး PDF အဖွဲ့ကပဲ တိုက်ခိုက်ခဲ့တာဗျ။ မြို့ပေါ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးရုံးက တပ်စခန်း ချထားတဲ့နေရာ နှစ်နေရာနဲ့ ရဲစခန်းကို တပြိုင်ထဲ ဝင်ရောက် တိုက်ခိုက်ခဲ့တာ။ ရဲ သုံးယောက်နဲ့ စစ်ကောင်စီတပ်သားငါးယောက် သေတယ်လို့ အတွင်းသတင်းကနေ သိရတယ်” ဟု မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက ဧရာဝတီ တိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က စခန်းချထားသည့် နေရာများသည် နွားထိုးကြီးမြို့လယ်တွင်ဖြစ်ပြီး အင်အားအလုံးရင်းနဲ့ ဝင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၂ ရီကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖော် ဆောင်ချိန်တွင် မြို့ကိုခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖော်ဆောင်ချိန်အတွင်းမှာ မြို့ကိုပါ ခေတ္တထိန်းချုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘက်က အထိအခိုက်မရှိအောင်မြင်စွာ ဘေးလွတ်ရာကို ပြန်လည်ဆုပ်ခွာနိုင်ခဲ့တယ်” ဟု မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇)ရက်နေကလည်း နွားထိုးကြီးမြို့နယ် မျက်ရှု့ကျေးရွာတွင် ဝင်ရောက်နေရာယူကာ ဒေသခံများထံမှ ဆပ်ကြေးကောက်ခံနေသည့် စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရကာ ခုနစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄)နွားထိုးကြီး PDF တပ်ဖွဲ့ထံက သိရသည်။

ဓာတ်ပုံ-မြင်းခြံခရိုင်တပ်ရင်း(၄)နွားထိုးကြီးမြို့နယ်PDF
#နွားထိုးကြီးမြို့နယ်ရဲစခန်း #ဆောက်လုပ်ရေးရုံး #နွားထိုးကြီးPDF #ဝင်ရောက်တိုက်ခိုက် #ရဲတပ်ဖွဲ့ဝင်၃ဦး #စစ်ကောင်စီတပ်သား၅ဦး #သေဆုံး #Ayeyarwaddy_Times