ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ကို တအာင်းတပ်မတော် (TNLA) က ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့ကတည်းက စတင်ခဲ့သည့် တိုက်ပွဲတွင် မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး မြို့ကိုစွန့်ခွာသွားပြီးနောက် စစ်ကောင်စီသည် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှု များပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

“မနေ့က (ဒီဇင်ဘာ ၃၁ ရက်နေ့) မနက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းငေါ့ မြို့ထဲကိုရောက်လာတယ်။ စစ်ကောင်စီတပ်တွေကတော့ မြို့ကနေ အကုန်လုံး စွန့်ခွာ သွားတယ်။ TNLA နဲ့ ပူး ပေါင်းအဖွဲ့တွေ ၀င်တိုက်တာလို့ သိရတယ်” ဟု မိုင်းငေါ့မြို့နေ ဒေသခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် မိုင်းငေါ့မြို့ရှိ ချုံးသစ်ကျေးရွာနှင့် ချုံးဟောင်းကျေးရွာအနီး တစ်ဝိုက်သို့ လေကြောင်းမှ Y-12 လေယာဉ်ဖြင့် (၁၇) ကြိမ်၊ ဗုံး ၇၄ လုံးဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး အလားတူ မိုင်းငေါ့မြို့ အတွင်းကိုလည်း ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် မန်တုံရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ နေအိမ်များ လက်နက်ကြီးထိ၍ မီး လောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ကွတ်ခိုင်တပ်စခန်းနှင့် ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ် စခန်းတို့မှနေ၍ မိုင်းငေါ့မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ၎င်းတပ်ဖွဲ့ဝင် စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသည့် မိုင်းငေါ့မြို့အတွင်းရှိ မီးသတ်ရုံး၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် ဈေးများကို လေကြောင်းမှနေ၍ မြို့ပျက်သဖွယ် ဖျက်ဆီးတိုက်ခိုက်မှုများ ပြုလုပ်ထားပြီး ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရသည်။

တအာင်းတပ်မတော် (TNLA) သည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် နှစ်လတာအတွင်း ရှမ်းမြောက်ရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံနှင့် နမ္မတူတို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယခု ခြောက် မြို့မြောက်အဖြစ် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့ကို ထပ်မံ သိမ်းပိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-မိုင်းငေါ့မြို့အတွင်းရှိ မန်တုံရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိနေအိမ်များ မီးလောင် ပျက်စီးနေပုံ၊ မိုင်းငေါ့မြို့ နှင့် TNLA တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #ကျောက်မဲ #မိုင်းငေါ့ #စစ်ကောင်စီမြို့စွန့်ခွာ #TNLA #ရရှိ #Ayeyarwaddy_Times