မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ရှိ ‌စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)မှလွဲ၍ စစ်ကောင်စီ တပ်စခန်း အားလုံးနီးပါးကို ကိုးကန့်တပ်မတော် (MNDAA) က တိုက်ခိုက်သိမ်းပိုက်ထားပြီး ယခု လက်ရှိတွင် ဒကစ ကို၀င်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကို ကိုးကန့်တပ်မတော် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန် တိုက်ပွဲပြင်းထန်နေကြောင်း မဟာမိတ်အဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏စခန်းများမှ ထွက်လာနိုင်ခြင်းမရှိဘဲ လေကြောင်းမှ တစ်ဆင့် အင်အားဖြည့်တင်းနေရပြီး လေကြောင်းပစ်ကူများဖြင့်သာ ဆက်တိုက် အသုံးပြု တိုက်ခိုက်နေရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့၏ လောက်ကိုင် ဒကစမကျရေးအတွက် တပ်မ (၃၃) နှင့် တပ်မ (၅၅) တို့ကို လေကြောင်းမှတဆင့် စစ်ကူပေးပို့ခဲ့သော်လည်း မဟာမိတ်ပူးပေါင်း အဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် တပ်ဖွဲ့စည်းပုံပျက်ပြီး လက်နက်ချ အလင်း၀င် ရောက်မှုများ ရာနှင့်ချီ ရှိခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့က လောက်ကိုင် (ဒကစ) နှင့် အနီးဆုံးဖြစ်သည့် ခလရ- ၃၂၂ ‌(လောက်ကိုင်)ကို MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လောက်ကိုင်(ဒကစ) အနေဖြင့် MNDAA တပ်ဖွဲ့၏ ပိတ်ဆို့ဝိုင်းရံမှုကို ခံနေရသည့်အနေအထားသို့ ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပိတ်ဆို့ခံနေရသည့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ လောက်ကိုင် တာရွှေထန်ဒေသကို ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ကလေးငယ် နှစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦးထက်မနည်း အဆိပ်သင့် ဝေဒနာ များခံစား ခဲ့ရကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ-လောက်ကိုင်မြို့က ဖူလီလိုက် (ပုံဟောင်း)
#ရှမ်းမြောက် #လောက်ကိုင်ဒကစ #MNDAAတိုက်ခိုက် #စစ်ကောင်စီ #လေကြောင်းဓာတုဗုံးကြဲ #Ayeyarwaddy_Times