မင်းခ/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဇူလိုင်လ ၂၈ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စစ်ကောင်စီက Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှ တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသည့် မြို့ခံအချို့အား စောင့်ကြည့်၍ ဖမ်းဆီးရန်စီစဥ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့ခံမှ သိရသည်။

” Facebook ပေါ်ကနေ တော်လှန်ရေးနဲ့ ပတ်သတ်တာတွေ Share ထားတဲ့သူတွေ Page တွေနဲ့ သတင်းဌာနတွေမှာ Comment ပေးထားသူတွေကို ရဲတပ်ဖွဲ့ကစောင့်ကြည့်နေပါတယ်။ တချို့တွေဆိုရင် အချက်အလက်တွေရထားပြီလို့တောင်ကြားတယ်။ နောက်ထပ်ပြီးမလုပ်ရဲတော့အောင် စံပြအနေနဲ့ ဖမ်းမယ်လို့လည်း သတင်းတွေရထားတယ်” ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့နယ် စစ်ကောင်စီကလည်း Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် စစ်ကောင်စီလက်အောက်တွင် ကျောင်းတက်နေသည့် ကျောင်းသူ​ကျောင်းသားများအား ​နှောက်ယှက်​နေသည့် PU Social Punishment Admin အား ရှာ​ဖွေဖမ်းဆီးအ​ရေးယူမည်ဟု သတင်းထုတ်ပြန်ထားသည်။

” ပုသိမ်တက္ကသိုလ်နှင့်အခြား​ကျောင်းသူ​ကျောင်းများအား ခြိမ်း​​ခြောက်ခြင်း၊​နှောက်ယှက်ခြင်း၊ အကြပ်ကိုင်ခြင်းများ အမြဲတ​စေ ​ဆောင်ရွက်​နေ​နေသည့် PU Social Punishment Admin အား အ​ရေးယူ​ဆောင်ရွက်​ပေးနိုင်​ရေး မိမိတို့ Page အား Chat Box မှတဆင့် တိုင်ကြားလာပါသည်။ ဖြစ်စဥ်များအား စိစစ်ရာမှန်ကန်မှုရှိပါသဖြင့် အဆိုပါ PU Social Punishment Admin များအား ရှာ​ဖွေ​ဖော်ထုတ်ပြီး ဥပ​ဒေနှင့်အညီ အ​ရေးယူ​ဆောင်ရွက်သွားပါမည်” ဟု ပုသိမ်မြို့နယ်စစ်ကောင်စီက ရေးသားထုတ်ပြန်ထားသည်။

ပုသိမ်မြို့ခံ တော်လှန်ရေးအင်အားစုများကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသည့် ပုသိမ်မြို့ခံအချို့အနေဖြင့် ရှောင်တိမ်းနေထိုင်ကြရန် သတိပေးပြောဆိုထားသည်။

” တော်လှန်ရေးတိုက်ပွဲတွေ အရှိန်မြှင့်လာတာကြောင့် စကစအနေနဲ့ ရှုံးမဲမဲပြီး ခုလို ပြည်သူလူထုအပေါ် ချိန်းခြောက်တာတွေ ၊ ဖမ်းဆီးဖိနှိပ် တာတွေ ပိုပြီး ပြင်းပြင်းထန်ထန်လုပ်လာမှာပါပဲ။ ဒီလိုကြုံတွေရတဲ့ အပေါ်မှာ တော်လှန်ရေးသမားတွေ၊ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိ ကပ်ပြီးတော့ တော်လှန်ရေးမှာအားမလျှော့ပဲ ဆက်လက်ပါဝင်ပေးကြဖို့နဲ့ အချင်းချင်းအပြန်အလှန် စောင့်ရှောက်ကြဖို့ပဲ ပြောလိုပါတယ်။ ပြည်သူကို ဒုက္ခပေးသူတွေကတော့ အချိန်တန်ရင် သူတို့သွားမဲ့နေရာ သူတို့သိသွားကြပါလိမ့်မယ်” ဟု ပုသိမ်မြို့ခံ တော်လှန်ရေးရဲဘော်တစ်ဦးက သတိပေးပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်ကောင်စီကပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းအပေါ် လူမှုကွန်ရက်စာမျက်နှာထက်တွင် ဝေဖန်ရေးသားခဲ့သည့် ပုသိမ်မြို့ခံ ၃ ဦးထက်မနည်းအား စစ်ကောင်စီက ဖမ်းဆီးအရေးယူထားကြောင်း ပုသိမ်မြို့နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။