
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ဘက်အခြမ်းသို့ နှစ်သစ်ကူး သွားရောက် လည်ပတ်သူများပြားနေခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ရာတွင်ကြားခံဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့တွင် ခရီးသွားများ အများအပြားရောက်ရှိနေပြီး ညအိပ်စောင့်ဆိုင်း နေကြရကြောင်း မြဝတီမြို့ ဒေသခံများထံက သိရသည်။
နှစ်သစ်ကူး အစဖြစ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၁) တံတားမှနေ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ဝင်ခွင့် နိုင်ငံကူး အထောက်အထား တုံးထု၍ သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသား အများအပြား ရှိနေပြီး တံတားအတက်အဆင်းတွင် တန်းစီစောင်းဆိုင်းသူ အများအပြားရှိကြောင်း သိရသည်။
“ဒီဇင်ဘာလ ၃၀ ရက်နေ့ကတည်းက တံတားမှာ တုံးထုပြီး မြဝတီကနေ မဲဆောက်ကို သွားမယ့် သူများပြားနေတာ။ မြန်မာနိုင်ငံကနေ မဲဆောက်ကိုသွားဖို့ အမှတ် (၁) တံတားမှာ နိုင်ငံကူး တံဆိပ်တုံးထု ပြီးဝင်ရောက်ရတာ။ အခုက လည်ပတ်တဲ့သူတွေ များပြားလွန်းလို့ တံတားအတက်အဆင်းမှာ တန်းစီနေရတယ်” ဟု မြ၀တီမှမဲဆောက်မြို့သို့သွားရောက်မည့် ခရီးသွားပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ကို ယခင်က နေ့ချင်းပြန် သွားရောက်ရာတွင် အဆင်ပြေမှု ရှိသော်လည်း ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် သွားရောက်လည်ပတ် သူများပြားနေခြင်းကြောင့် မြဝတီမြို့ရှိ တည်းခိုခန်းများ၊ ဟိုတယ်များတွင် တည်းခိုနေထိုင်သူများ ပြည့်နှက်နေပြီး တံတားကူးရန်အတွက် ၂ ရက် မှ ၃ ရက်အထိ စောင့်ဆိုင်း နေရကြောင်း ခရီးသွားများထံက သိရသည်။
“ ဒီနေ့(ဒီဇင်ဘာ ၃၁ရက်) လည်း အရမ်းများတယ်။ ထိုင်းနိုင်ငံဘက်က ကုန်ပစ္စည်းတွေ မြဝတီ ဘက်ကမ်းကို သယ်ယူပြီးပို့တယ်။ မဲဆောက်မှာညအိပ်ပြီး ၇ ရက် ပြည့်တာနဲ့ မြဝတီကို ပြန်ကူးရတယ်။ အခုက အသွားကော အပြန်မှာပါ လူအရမ်းများ နေတာကြောင့် မြဝတီဘက်ကနေ မဲဆောက်မြို့ကိုကူးဖို့ အရမ်းအခက်အခဲ ဖြစ်တယ်” ဟု မြဝတီ-မဲဆောက် ကုန်ကူးသန်းရောင်းဝယ်နေသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံမှနေ၍ ထိုင်းနိုင်ငံဘက် မဲဆောက်မြို့သို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) တံတားမှနေ၍ နိုင်ငံကူး တံဆိပ်တုံးထုပြီး ဝင်ရောက်ပါက မဲဆောက်မြို့တွင် တရားဝင် ၇ ရက်နေထိုင်ခွင့်ရကြောင်း သိရသည်။
ဓာတ်ပုံ- မြ၀တီမှမဲဆောက်မြို့သို့သွားရောက်မည့် ခရီးသွားပြည်သူတစ်ဦးပေးပို့
ပုံစာ-မြဝတီမြို့အမှတ် (၁)တံတားတွင်တန်းစီစောင့်ဆိုင်းနေကြသူများ
#ထိုင်းနိုင်ငံ #မဲဆောက်မြို့ #နှစ်သစ်ကူး #သွားရောက်လည်ပတ်သူများပြား #မြဝတီမြို့ #ညအိပ်စောင့်ဆိုင်း #Ayeyarwaddy_Times