ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့တွင် မြို့အဝင်နေရာရှိ ကျွန်းပင် ၁၀၀ ဝန်းကျင်ကို တိုင်းစစ်ကောင်စီ ရန်ပုံငွေအကြောင်းပြ၍ မြို့နယ်စစ်ကောင်စီရုံးက ခုတ်ယူခဲ့ကြောင်း သတင်းရရှိသည်။

ကျောင်းကုန်းမြို့နယ် မြို့အဝင် မိုင်တိုင် အမှတ်၇၄/၂ အနားရှိ လမ်းဘေးကျွန်းပင် ၁၀၀ ဝန်းကျင်ကို တိုင်းစစ်ကောင်စီရန်ပုံငွေအဖြစ်အကြောင်းပြက မြို့နယ်ထွေအုပ်မှ ခုတ်ယူနေကြောင်း မြို့နယ်စစ်ကောင်စီရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

“ မြို့အဝင်မိုင်တိုင် ၇၄/၂ အနားကရှိသမျှ ကျွန်းပင်တွေ အကုန်ခုတ်ခိုင်းတာ။ ကြားတာတော့ တိုင်းရန်ပုံငွေအတွက်လို့တော့ သိရတယ်။ ကျွန်းပင်တွေက သက်တမ်းနဲနဲတော့နုသေးတယ်။ တမင်တကာအကြောင်းပြပြီး ခုတ်တာလားတော့မပြောတတ်ဘူး”ဟု မြို့နယ်စစ်ကောင်စီရုံးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျွန်းပင်များကိုခုတ်ယူရန်အတွက် တိုင်းစစ်ကောင်စီဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး မြို့နယ်စစ်ကောင်စီဌာနက မြို့နယ်သစ်တောဦးစီးဌာနကို ကြိုတင်အကြောင်းကြားခြင်းမရှိ၍ အငြင်းပွားမှုရှိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ထံကသိရသည်။

“အပင်ခုတ်ခိုင်းတာ မြို့နယ်သစ်တောကို ဘာမှမပြောတော့ ထွေအုပ်နဲ့ပြဿနာတက်ကြသေးတယ်။ နောက်မှဝန်ကြီးချုပ်ကညွှန်ကြားတာလုပ်လို့ နှစ်ဖက်ပြန်ငြိမ်သွားရတာ။ မဟုတ်ရင် ပြဿနာအရှည်ကြီး တက်ဖို့ချောင်းနေကြတာ”ဟု မြို့နယ်သစ်တောဦးစီးဌာနနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ကဆိုသည်။

ကျောင်းကုန်းမြို့နယ်တွင် ကျွန်းပင်ရှားပါးနေသော်လည်း လမ်းဘေးတွင် ကျွန်းပင်များကို စီမံချက်ဖြင့် စိုက်ပျိုးထားသည့်ကျွန်းပင်များမှ သစ်တန် ၅၀ထက်မနည်း တိုင်းရန်ပုံငွေအဖြစ် ပေးအပ်ရန် တိုင်းစစ်ကောင်စီမှ ညွှန်ကြားခဲ့သည့်အတွက် မြို့နယ်ထွေအုပ်နှင့် သစ်တောဌာနတို့ အခက်ကြုံနေပြီး သစ်မှောင်ခိုလုပ်သူများထံမှ သယ်ဆောင်ရန် စီစဉ်နေကြောင်းသိရသည်။

#ကျောင်းကုန်းမြို့ #ကျွန်းပင်၁၀၀နီးပါး #မြို့နယ်စစ်ကောင်စီ #တိုင်းရန်ပုံငွေအကြောင်းပြ #ခုတ်ယူ #Ayeyarwaddy_Times