ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒေသခံတွေရဲ့ ရန်လိုမှုတွေကို ပိုမို ရင်ဆိုင်နေရတာကြောင့် အင်ဒိုနီးရှားရေတပ်မှ စစ်သင်္ဘောတစ်စင်းဟာ အာချေးပြည်နယ်မှာ ရိုဟင်ဂျာတွေ သယ်ဆောင်လာတဲ့ စက်လှေ တစ်စင်းကို မောင်းထုတ်ခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ သစ်သားလှေကို ဆုမားတြားအလွန် ဝါကျွန်းစုအနီး ရေပိုင်နက်မှာ တွေ့ ရှိခဲ့တယ်လို့ အင်ဒိုနီးရှားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ နူဂရာဟာဂူမီလာက ပြောပါတယ်။

အင်ဒိုနီးရှားရေတပ်သင်္ဘောက ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့လှေကို အင်ဒိုနီးရှားရေပိုင်နက်အပြင် ရောက်ရှိကာ ပြန်မလာနိုင်တော့သည်အထိ မောင်းထုတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

နိုဝင်ဘာလနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၁၅၀၀ ကျော် ရောက်ရှိလာခဲ့ပြီး ရိုဟင်ဂျာလှေတွေ ပိုမိုဆိုက်ရောက်လာတာကို ဒေသခံတွေက ရန်လိုပြီး ကန့်ကွက်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်က အင်ဒိုနီးရှားကျောင်းသားတွေ ပါဝင်တဲ့လူအုပ်ကြီးဟာ အာချေးပြည်နယ်ရဲ့မြို့ တော်မှာရှိတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားရှိတဲ့ စင်တာတစ်ခုကို စီးနင်းကာ ရိုဟင်ဂျာဒုက္ခသည်တွေကို နှင်ထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒုက္ခသည်မိသားစုတွေ ခိုလှုံရာ နေရာတစ်ခုကို လူအုပ်နဲ့တိုက်ခိုက်တာကို မြင်တွေ့ရတာ အလွန်အမင်း စိတ်ပျက်စရာလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်မှာ လှိုင်းလေငြိမ်သက်တဲ့ နိုဝင်ဘာမှ ဧပြီလအတွင်း အင်ဒိုနီးရှား သို့မ ဟုတ် မလေးရှားနိုင်ငံသို့ လှေတွေနဲ့ ထွက်ခွာလေ့ရှိကြပါတယ်။

ကမ္ဘာ့အကြီးဆုံး မူဆလင်တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်မထိုးထားပေမယ့် ဒုက္ခသည်တွေရောက်လာရင် လက်ခံတဲ့သမိုင်းကြောင်းတော့ ရှိပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာ ရပ်တန့်ဖို့ အင်ဒိုနီးရှားနိုင်ငံ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့ ပြီး ရိုဟင်ဂျာတွေ ဆိုက်ရောက်လာမှုမှာပါဝင်တဲ့ သံသယဖြစ်ဖွယ်ရာ လူမှောင်ခိုကူးသူတွေကို နှိမ်နင်းမယ်လို့ ပြော ပါတယ်။

ကိုးကား – Reuters
Ref; Indonesia navy drives away boat carrying Rohingya: Military

#Ayeyarwaddy_Times