ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ချစ်သူလမ်းကြားဟုခေါ်သော လမ်းပေါ်တွင် မကြာခဏ လုယက်ခံနေရပြီ နေ့အချိန် ဓားထောက်လုယက်မှုများရှိနေကာ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။
ဟင်္သာတမြို့နယ်ရှိ ကုန်းကြီးကျေးရွာအုပ်စု ကျုံဖားကျေးရွာသို့ဆက်သွယ်ထားသည့်လမ်း (ချစ်သူလမ်းကြား)တွင် လုယက်မှုနှင့် မူယစ်ဆေးသုံးစွဲနေသူများရှိနေပြီး အမျိုးသမီးများအား ပစ်မှတ်ထားကာ လုယက်မှုများ ကျူလွန်နေသည့်အပြင် ဓားထိုးခံရသူများ ပါရှိနေကြောင်း ဒေသခံများထံမှသိရသည်။
“ချစ်သူလမ်းကြာမှာက ခဏခဏဖြစ်တယ် ။ လုယက်တာတွေ မုဒိန်မှုတွေ ဖြစ်ရင် အဲ့ဒီနေရာပဲ ဖြစ်နေတာ။ ကင်းပတ်တာလည်းမရှိသလို ဒေသလုံခြုံရေးအတွက် ဆောင်ရွက်တာမျိုးလည်းမရှိဘူး။ ပြောရင်တွင်းထဲက မထွက်ရဲတဲ့အခြေအနေဖြစ်နေတာ “ဟု အသက် ၅၀ အရွယ်ရှိ မြို့ခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟင်္သာတမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲသူများပြားလာခြင်းနှင့်အတူ လုယက်မှုများပါ တိုးလာပြီး နေ့အချိန် လမ်းမ ပေါ်အထိ လုယက်မှုများကို ကျူးလွန်နေကြကြောင်း ဒေသခံများက ပြောသည်။
“ဟင်္သာတမှာက ကလေးကနေ လူငယ်တော်တော်များများအထိ မူးယစ်ဆေးသုံးနေကြတယ် ။ မူးယစ်ဆေးသုံးရင် လူမရှိတဲ့နေရာတွေမှာ လူငယ်တွေ အစုလိုက်သုံးကြတာ ငတ်လို့လုတာလည်းဖြစ်နိုင်သလို မူးယစ်ဆေးသုံးစွဲစရာမရှိလို့ လုတာလည်းဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့ရက်ကလည်း အမျိုးသမီးတစ်ယောက် ဓားထောက်လုခံရတယ်၊ ပစ္စည်းယူသွားတဲ့အပြင် ဓားနဲ့ပါထိုးသွားတယ်။ သေတော့မသေဘူး “ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဟင်္သာတမြို့နယ် ကုန်းကြီးကျေးရွာအုပ်စုကျုံဖားကျေးရွာ ဆက်သွယ်ရေးလမ်း (ချစ်သူလမ်းကြား) တွင် ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း မင်္ဂလာဆောင်မှပြန်လာသော အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်နှင့် လူနှစ်ယောက်မှ ဓားထောက်လုယက်ခဲ့ပြီး လက်ဝတ်လက်စားများလုကာ လူကိုဓားဖြင့်ထိုးထားခဲ့သည့် လုယက်မှုတစ်ခုဖြစ်ပွားခဲ့သည်။
#ဟင်္သာတမြို့ #ချစ်သူလမ်းကြား #မကြာခဏ လုယက် #နေ့အချိန်ဓားထောက်လုယက်မှုများရှိ #Ayeyarwaddy_Times