ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

လျှပ်စစ်လိုအပ်ချက်မြင့်မားသောမြန်မာနိုင်ငံတွင် လာအိုနှင့်ပူးပေါင်းပြီး မဲခေါင် မြစ်ပေါ်တွင် ရေးအားလျှပ်စစ် စီမံကိန်းတည်ဆောက်နိုင်ရန်‌လေ့လာပြီး မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏လျှပ်စစ်မီးလိုအပ်ချက်အတွက် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ နယ်စပ်ဖြတ်ကျော်ဓာတ်အားဝယ်ယူဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားထားသည်။

မြန်မာ – လာအို နှစ်နိုင်ငံကြားပူးတွဲလုပ်ငန်းကော်မတီ နှင့် ပူးတွဲလုပ်ငန်းအဖွဲ့တို့က မဲခေါင်မြစ်ပေါ်တွင်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးအတွက် ၅ နှစ်ကျော် လေ့လာခဲ့ပြီး စီမံကိန်းတစ်ခုလျှင် လျှပ်စစ် ၅၀၀ မဂ္ဂါဝပ်နှင့် အထက် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တာချီလိတ်မှာတော့ ထိုင်းကနေရော လာအိုကနေရော လျှပ်စစ်မီးလိုင်းရတယ်။ လျှပ်စစ်တစ်ယူနစ်ကို အိမ်ရှင်ဆို ၅ ဘတ် ( မြန်မာငွေ ၅၀၀ ကျပ် )၊ အိမ်ငှားဆိုရင် ၁၁ ဘတ် (မြန်မာငွေ ၁၀၀၀ ကျပ် ) ပေးရတယ်။ မီးရတာတော့ နှစ်အတော်ကြာနေပြီ ” ဟု တာချီလိတ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုတို့ကိုတွန်းအားပေးဆောင်ရွက်လိုပြီး လာအိုနှင့် မြန်မာ ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်ရာတွင် နှစ်နိုင်ငံဝန်ကြီးဌာနက အကူအညီများ ပေးမည်ဖြစ်ကြောင်း လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္ထုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံက ဆိုထားသည်။

ထို့ပြင် မြန်မာ – လာအို နှစ်နိုင်ငံ Power Supply Framework Agreement လက်မှတ်ထိုးနိုင်ရန်နှင့် နှစ်နိုင်ငံဓာတ်အားစနစ် ချိတ်ဆက်ရေး နည်းပညာ ဆိုင်ရာ လိုအပ်ချက်များနှင့် ရယူမည့် ဓာတ်အားပမဏများကို လေ့လာသုံးသပ်မည့် အကြံပေးပညာရှင်အဖွဲ့များနှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ လေ့လာမှုများအရ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ် စီမံကိန်း သုံးခုမှ လေးခုအထိ တည်ဆောက်နိုင်ပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ ၃၂၀၀ မဂ္ဂါဝပ်အထိထုတ်နိုင်ကြောင်းသိရသည်။

လာအိုနိုင်ငံရှိ မဲ‌ခေါင်မြစ်ပေါ်တွင် လျှပ်စစ်ထုတ်နေသည့် ရေအားလျှပ်စစ်စီမံကိန်း နှစ် ခုရှိပြီး တည်ဆောင်ရန်လျာထားသည့်စီမံကိန်း ကိုး ခုရှိကြောင်းသိရပြီး မြန်မာ – လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းကို ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးက ဆိုထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလုံ လောက်စွာ မရရှိဘဲ ရန်ကုန်မြို့တွင် တစ်နေ့လျှင် ၈ နာရီမှ ၁၂ နာရီကြားသာလျှပ်စစ်မီးရရှိနေပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – လာအိုနိုင်ငံ မဲခေါင်မြစ်ပေါ်ရှိရေအားလျှပ်စစ်စီမံကိန်း

#လျှပ်စစ်ဓာတ်အားလိုအပ်ချက် #မြန်မာလာအို #မဲခေါင်မြစ်ရေအားလျှပ်စစ်စီမံကိန်း #Ayeyarwaddy_Times