ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းတွင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၁ရက်နေ့ညက လူငယ်တစ်ဦး ကို ရိုက်နှက်ပြီး မြစ်တွင်းသို့ပစ်ချခဲ့သောလူအုပ်စုကို တစ်ပတ်ကြာသည်အထိဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

ဒီဇင်ဘာလ ၂၁ရက်နေ့ည ၁၀နာရီအချိန်ကပုသိမ်မြို့ ကမ်းနားလမ်း ကျောက်ငူထီးအနီး အုတ်ရိုးပေါ်တွင် ထိုင်နေသော လူငယ် သုံးဦးကို အမျိုးသား ခြောက်ဦးမှ အကြောင်းမဲ့ စစ်ဆေးကာရိုက်နှက်ခဲ့ပြီး အသက်၂၀အရွယ်လူငယ်တစ်ဦးကို မြစ်အတွင်းသို့ ပစ်ချခဲ့​ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“လူငယ်တွေ ရန်ဖြစ်ကြတယ်ပဲမှတ်တာ၊
တစ်ယောက်ရေထဲပြုတ်ကျ သံကြားတော့ အဲ့ကောင်ကိုထားလိုက် ကျန်တဲ့ကောင်တွေနောက်ကိုလိုက်လို့ပြောသံတွေကြားရတယ်။ ကောင်လေး နှစ်ယောက်က ထွက်ပြေးသွားပြီး နောက်က ပြေးလိုက်သွားတာတွေ့တယ်”ဟု ကမ်းနားလမ်းတွင် နေထိုင်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

မြစ်အတွင်းပြုတ်ကျသွားသောလူငယ်သည် ဟင်္သာတမြို့နယ်မှ ပုသိမ်မြို့တွင်အလုပ် လာရောက်လုပ်ကိုင်နေသူဟု သိရပြီး သူ၏ ရုပ်အလောင်းကိုဒီဇင်ဘာ ၂၃ရက်နေ့ညနေပိုင်းက မြစ်အတွင်း ဦးခေါင်းဒဏ်ရာဖြင့် ပြန်လည်တွေ့ရှိပြီး ဇာတိမြို့ကို ပြန်လည်ယူဆောင်သွားကြောင်း သိရသည်။

ပုသိမ်မြို့ရှိ ကမ်းနားလမ်းတွင် စစ်ကောင်စီမှ CCTVများနှင့် အရပ်၀တ်ရဲများအပြင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက ဆိုင်ကယ်များကို တုတ်ဓါးလက်နက် စစ်ဆေးရာနေရာဖြစ်သော်လည်း ယခု အုပ်စုဖွဲ့ရိုက်နှက်သူများကို
ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် ဒေသခံများမှ ဝေဖန်မှုများရှိနေသည်။

“နိုင်ငံရေးလုပ်တဲ့လူဆို ဖမ်းမယ်၊ ငွေညှစ်လို့ရတဲ့အမှုတွေပဲ စိတ်၀င်စားတေ့တာ ခုလို ကမ်းနားလမ်းလို နေရာမှာလူမိုက်ဆန်ဆန်တွေနဲ့ လူသတ်တာ တစ်ခါမှမကြားဘူးပါဘူး ပြည်သူတွေလဲ အလုခံရ၊ အခိုးခံရနဲ့ လုံခြုံမှုကိုမရှိတော့တာ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါ အုပ်စု ဖွဲ့ရိုက်နှက်သူများသည်
ကမ်းနားလမ်းတစ်လျောက်တွင် ကင်း
လှည့်နေသော စစ်ကောင်စီ ကခန့်အပ်ထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း ဧရာ၀တီတိုင်မ်းသတင်းဌာနအနေနှင့် သိီးခြားအတည်မပြုနိုင်ပဲ
ရဲတပ်ဖွဲနှင့်နီးစပ်သူများမှ လူငယ်အုပ်စုရန်ဖြစ်ခြင်းဖြစ်ပြီး တရားခံများကို ဖမ်းဆီးနိုင်ရန်ကြိုးစားနေဟု ပြောသည်။

ပုသိမ်မြို့တွင်နေ့စဉ် စစ်ကောင်စီနှင် ရဲတပ်ဖွဲ့ အင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်းတော်လှန်ရေးအင်အားစုများကိုသာအဓိကထားပြီး ဖမ်းဆီးနေသောကြောင့် ခိုဆိုးလုနိူက်နှင့် လုယက်မှုများ နေ့စဥ်ဖြစ်ပွားနေပြီးဖော်ထုတ်ဖမ်းဆီးမှု လျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

#ပုသိမ်ကမ်းနားလမ်း #လူငယ်တစ်ဥဦးကိုအုပ်စုဖွဲ့ရိုက်နှက် #တစ်ပတ်ကျော်သည်အထိ #ဖမ်းဆီးနိုင်ခြင်းမရှိ
#Ayeyarwaddy_Times