ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးရှိ စစ်ကောင်စီ၏ ပွိုင့် ၃၇၇ စခန်းကုန်းသိမ်း တိုက်ပွဲမှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃ ဦးသည် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသွားကြောင်း ဒေသခံများထံက သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စစ်ကောင်စီ၏ ပွိုင့် ၃၇၇ စခန်းကုန်း တိုက်ပွဲတွင်း ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့နယ် တွီဆဲန်တလန်ကျေးရွာရှိ အိန္ဒိယ ရဲစခန်းထံသို့ လက်နက်ခဲယမ်း အပြည့်စုံဖြင့် ခိုလှုံခဲ့ကြပြီး ၎င်းရဲစခန်းမှ တဆင့် အာသံရိုင်ဖယ်တပ်ရင်းဘက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

” မြန်မာစစ်သားတွေ နေ့လည် ၁၁ နာရီလောက်က ၇၃ ယောက် ရောက်တယ်။ ညနေ ၆ နာရီလောက်မှာ ၁၀ ယောက် ထပ်ရောက်လာတယ်။ စုစုပေါင်း ၈၃ ယောက်ပါ။ သူတို့မှာ လက်နက်ခဲယမ်းအပြည့်စုံ ပါတယ်။ တစ်ချို့က ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်။ အကုန်လုံးကို လုံးလေမြို့ဘက်ကို ပို့လိုက်ပါပြီ “ဟု တွီဆဲန်တလန်ရွာသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာသံရိုင်ဖယ် တပ်ရင်းထံ ရောက်ရှိလာကြသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲတွင် အသက်ကြီးပိုင်း ပိုများပြီး ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်လည်း အများအပြားပါဝင်နေသည်။ ၎င်းတို့ကို အာသံရိုင်ဖယ် စစ်သားများက လုံးလေမြို့သို့ ပို့ဆောင်ထားပြီး လုံးလေမြို့က တဆင့် မြန်မာပြည် တမူးမြို့ဘက်ကို ပို့ဆောင်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားသည်။

စစ်ကောင်စီ၏ ပွိုင့် ၃၇၇ တပ်စခန်းကုန်းသည် မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်ထဲတွင် တည်ရှိပြီး ၎င်းစခန်းကုန်းအား ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပုံ- ပွိုင့် ၃၇၇ စခန်းကုန်းမှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွီဆဲန်တလန်ကျေးရွာတွင် တွေ့ရစဥ်

#ပလက်ဝ #ပွိုင့်၃၇၇စခန်းသိမ်းတိုက်ပွဲမှ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #အိန္ဒိယသို့ ထွက်ပြေးခိုလှုံ #AA #Ayeyarwaddy_Times