ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်

သေဒဏ်စီရင်မှုကြောင့် ပြည်တွင်းစစ်များပိုမိုပြင်းထန်စေမှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြသနာအားလုံးကို စစ်ကောင်စီကတာဝန်ယူရမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ MNDAA၊ TNLA ၊ AA တို့က ဇူလိုင်လ ၂၇ ရက်စွဲနဲ့ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ ယုတ္တိမရှိတဲ့ပြစ်မှုတွေနဲ့ နိုင်ငံရေးအမြင်မတူတဲ့ပုဂ္ဂိုလ်တွေကို သေဒဏ်စီရင်တာဟာ ပြည်သူ တစ်ရပ်လုံးရဲ့ ဒေါသစိတ်နဲ့ ပြည်တွင်း စစ်များကို ပိုမိုပြင်းထန်စေမယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် သေဒဏ်စီရင်တဲ့လုပ်ရပ်အပေါ် ညီနောင်မဟာ မိတ် ၃ ဖွဲ့အနေနဲ့ ပြင်းထန်စွာရှုတ်ချပြီးတော့ ကျန်ရစ်သူ မိသားစု၊ဆွေမျိုးတွေနဲ့ထပ်တူဝမ်းနည်းရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက သေဒဏ်ချမှတ်ထားပြီး သေဒဏ်အမိန့်အတည်ပြုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဝါရင့်နိုင်ငံရေးသမား ကျောင်းသားခေါင်း ဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး၊ ကိုအောင်သူရဇော် (ခ) ကတုံး (ခ) သူရ တို့ ၄ ဦးကို ဇူလိုင်လ ၂၅ ရက်နေ့က သေဒဏ်စီရင်ပြီးဖြစ်တယ်လို့ထုတ်ပြန်လာတဲ့အပေါ် မဟာမိတ်ညီနောင် ၃ ဖွဲ့က အခုလိုထုတ်ပြန်လာတာပါ။