ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်

အာဏာသိမ်း စစ်ကောင်စီက မြန်မာပြည်တွင်းသို့ စီးဝင်သည့် အမေရိကန်ဒေါ်လာများကို ၁ ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် သိမ်းပိုက်နေမှုကြောင့့် ပြည်ပသို့ ဆန်တင်ပို့သူများ ဒေါ်လာ ၁ သန်းလျှင် ကျပ်သိန်း ၅ ထောင်ကျော် ဆုံးရှုံးနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ကန် ၁ ဒေါ်လာ ၁၈၅၀ နှုန်း သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် ၂၄၀၀ မှ ၂၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသဖြင့် ဈေးနှုန်းကွာဟချက်က ၁ ဒေါ်လာလျှင် ၅၅၀ ကျပ်အထိ ရှိနေသည်။

ပြည်ပသို့ ဆန်တင်ပို့မှုကြောင့် ရရှိလာသည့်နိုင်ငံခြားငွေ ကန်ဒေါ်လာများကို ဗဟိုဘဏ်က ၁၈၅၀ ကျပ်ဖြင့် သိမ်းယူနေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များမှာ ငွေလဲနှုန်းအရ ဒေါ်လာ ၁ သန်းလျှင် ကျပ်သိန်း ၅၀၀၀ ကျော် နစ်နာဆုံးရှုံးနေသဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုလုပ်ငန်းတချို့ ယာယီရပ်ဆိုင်းနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“အခုက ငွေလဲနှုန်းက အပြင်မှာ ၁ ဒေါ်လာကို ၂၄၀၀ ကျော်နေပြီ။ သူတို့ (စစ်ကောင်စီ) ရဲ့ ဗဟိုဘဏ်က ၁၈၅၀ ကျပ်နဲ့ သိမ်းယူတယ်။ ပြည်ပကို ဆန်ပို့လို့ဒေါ်လာ ၁ သန်းရလာရင် တကယ်ရမယ့်ငွေက ကျပ်သိန်း ၂ သောင်း ၄ ထောင်ကျော် ရမယ်။ ဒါပေမယ့် သူတို့ (စစ်ကောင်စီ) ဗဟိုဘဏ်က သိမ်းသွားပြီး လက်ထဲ ထည့်ပေးတဲ့ငွေက သိန်း ၁၈၅၀၀ ။ အဲတော့ ဒေါ်လာ ၁ သန်းဖိုးရောင်းရရင် သိန်း ၅ ထောင်လောက်က အလကား ဆုံးရှုံးနေတာ။ ကုန်ရောင်းကုန်ဝယ်တာက မကိုက်တာမဟုတ်ဘူး။ လုပ်လို့ အဆင်ပြေတယ်။ သူတို့ (စစ်ကောင်စီ) လုပ်နေတဲ့ကိစ္စတွေကြောင့် ကမောက်ကမတွေဖြစ်ပြီး အရှုံးပြနေတာ။ အဲတော့ ပြည်ပကို ဆန်ပို့တဲ့လုပ်ငန်းတချို့တွေ ယာယီရပ်ထားကြတယ်”ဟု ဧရာဝတီတိုင်းမှ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ နိုင်ငံတော် ဗဟိုဘဏ်က ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများမှ ရရှိသည့်နိုင်ငံခြားငွေများကို ဗဟိုဘဏ်သို့ မဖြစ်မနေပေးသွင်းပြီး မြန်မာငွေ လဲလှယ်ကြရန်နှင့် နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိရှိသည့်ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကိုလည်း မြန်မာကျပ်ငွေဖြင့် လဲလှယ် သိမ်းယူမှုများ ဇူလိုင်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ၏ ဒေါ်လာသိမ်းပိုက်မှုအကျိုးဆက်ကြောင့် ပြည်ပသို့ ဆန်တင်ပို့သည့်လုပ်ငန်းတချို့ ယာယီ ရပ်နားထားသဖြင့် ဧရာဝတီတိုင်း၌ ပို့ကုန်လုပ်ငန်းများအတွက် စပါးဝယ်ယူသည့်လုပ်ငန်းများလည်း ရပ်တန့်နေကြောင်း သိရသည်။

ပုသိမ်ခရိုင်အတွင်းရှိ ဆန်စပါးဝယ်ယူနေသည့် ကုန်သည်တစ်ဦးကလည်း “အခုက ပြည်ပကို ဆန်ပို့တာတွေ ယာယီရပ်ထားလို့ အောက်ခြေမှာ စပါးဝယ်တာတွေလည်း ရပ်ထားတယ်။ ဆန်စက်တော်တော်များများလည်း ကြိတ်ခွဲတာတွေ ရပ်ထားပြီး ကိုယ့်ဒေသတွင်းရောင်းဖို့လောက်ပဲ ကြိတ်ခွဲတာပဲရှိတော့တယ်”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ဒေါ်လာငွေ အလွန်အမင်း ကန့်သတ်ထိမ်းချုပ်မှုများကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်နေပြီး ထိုင်း – မြန်မာနယ်စပ်တွင်လည်း ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်အထိ ဈေးကျနေသဖြင့် မြန်မာငွေကိုင်ထားသူလုပ်ငန်းရှင်တချို့ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေကြောင်း သိရသည်။