ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီ (People’s Party) ကို စစ်ကောင်စီက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက် ကြောင်း သတင်းရရှိသည်။

ပြည်သူ့ပါတီ (People’s Party) ၏ မှတ်ပုံတင်အမှတ် ( ၄၇ ) ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

“ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တာ နိုင်ငံရေးနည်းလမ်းပဲဖြစ်တယ် ပြည်သူ့နိုင်ငံရေးကသာ ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို မစွန့်လွတ်စေချင်ဘူး။ အဲ့ဒါကို အားပေးပူးပေါင်းဆောင်ရွက်စေချင်တယ် အဲ့အကျိုးရလဒ်ဟာ ပြည်သူတွေရဲ့ တည်ငြိမ်ရေး တိုးတက်ရေးကိုပါ နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်နိုင်တယ်ဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်ကြစေချင်ပါတယ် “ ဟု ဦးကိုကိုကြီးက VOM သတင်းဌာနကို ဖြေကြားထားသည်။

ပြည်သူ့ပါတီနှင့် မအူပင်ဦးစိန်ဝင်း ဦးဆောင်သည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)တို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံးစည်းရုံးမည့် ပြည်ထောင်စုအဆင့်ပါတီအဖြစ် ပြည်သူ့ပါတီကို ၂၀၂၃ ခုနစ် မတ်လက မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ပြောင်းလဲလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ် ပုဒ်မ (စ) အရ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ စတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အား တစ်သိန်းနှင့် တစ်နိုင်ငံလုံးတွင် ပါတီရုံးခန်း ထက်ဝက်ခန့်ဖွင့်ရမည်ဖြစ်သည်။

ပြည်သူ့ပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လွှတ်တော်နေရာအသီးသီးတွင် ကိုယ်စားလှယ်လောင်း နေရာ ၁၄၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပါတီဥက္ကဌ ဦးကိုကိုကြီးသည် တောင်ဥက္ကလာပမြို့နယ်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲမသာမှုပြုလုပ်သည်ဟုစွပ်စွဲပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲပြန်လည်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွဲပေးမည်ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာခဏ ပြောကြားလေ့ရှိသည်။

ဓာတ်ပုံ – ပြည်သူ့ပါတီ
#ပြည်သူ့ပါတီ #၈၈မျိုးဆက် #ဦးကိုကိုကြီး #မအူပင်စိန်ဝင်း #စစ်ခေါင်းဆောင် #Ayeyarwaddy_Times