ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်၏ ခရီးစဉ် သတင်းပေါက်ကြားသည်ဟု ဆိုကာ တိုင်းထွေအုပ် ဝန်ထမ်းအချို့၏ ဖုန်းများကို တောင်းယူစစ်ဆေးကာ ထုချေလွှာတင်ခိုင်း‌ကြောင်း စစ်ကောင်စီ ဝန်ထမ်းအသိုင်းအဝန်း ထံကသိရသည်။

ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ကျောင်းကုန်းမြို့တွင်းရှိ မြို့နယ်ထွေအုပ်ရုံးသို့ ယမန်နေ့ ဒီဇင်ဘာလ၂၉ရက်နေ့ မနက်က သွားရောက်ရန် လျို့ဝှက်စီစဉ်ထားသော်လည်း သတင်းပေါက်ကြား သွားခဲ့သည့်အတွက် ခရီးစဉ်အချိန်ပြောင်းလဲခဲ့ရကြောင်း တိုင်းစစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံကသိရသည်။

“စီးပွားရေးဘဏ်နဲ့ကျောင်းကုန်းမြို့နယ်ထွေအုပ်ရုံးသွားဖို့ လျို့ဝှက်စီစဉ်တာ သတင်းပေါက်သွားတယ်။ အဲဒါကြောင့် အချိန်ပြောင်းလိုက်ရတယ်ပေါ့။ခရီးစဉ်ပြီးတာနဲ့ တိုင်းထွေအုပ်ရုံးက ဝန်ထမ်းတွေကို ရုံးပေးမဆင်းပဲနဲ့ ဖုန်းတွေစစ်တော့တာပဲ”ဟု တိုင်းစစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်ခရီးစဉ်ပေါက်ကြားမှုအတွက် တိုင်းထွေအုပ်ရုံးမှ စာရေးဝန်ထမ်း ငါးယောက်နှင့် ဒုဦးစီးမှူးတစ်ဦးတို့ကို ဖုန်းစစ်ဆေးမှုပြုလုပ်၍ ထုချေလွှာတင်ခိုင်းကာ လစာဖြတ်တောက်ရန် ညွှန်ကြားခံခဲ့ရကြောင်း ထွေအုပ်ဝန်ထမ်းများထံက သိရသည်။

“ လုံခြုံရေးစည်းပေါက်တယ်ဆိုပြီးတော့ စာရေးဝန်ထမ်း ငါးယောက်နဲ့ ဒုဦးစီးမှူးကို ဖုန်းယူစစ်တယ်။ ခံဝန်ထိုးခိုင်းတယ်။နောက်တခါထပ်ဖြစ်ရင် တိုက်ပွဲဖြစ်တဲ့နေရာ အရွှေ့ခံရမယ်ဆိုပြီး ပြောခံရတယ်။ လစာတွေပါ အဖြတ်ခံရတယ်လို့တော့ကြားတာပဲ။ တကယ်တမ်းကဘာမှ ပေါက်ထွက်တာမဟုတ်ဘူး။ သူ့ဘာသာစိုးရိမ်လွန်ပြီး အချိန်ပြောင်းတာ။အကြောက်လွန်တဲ့ရောဂါရနေကြတာ”ဟု တိုင်းထွေအုပ်ဝန်ထမ်းတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ပထမအပတ်ကစပြီး တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခြင်းနှင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခံရမည်ကိုစိုးရိမ်၍ တိုင်းစစ်ကောင်စီရုံး၊ တိုင်းလွှတ်တော်ရုံးနေရာတို့ကို လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

#ဧရာဝတီတိုင်း #စစ်ကောင်စီဝန်ကြီးချုပ် လမ်းကြောင်း #သတင်းပေါက်ကြား #ထွေအုပ်ဝန်ထမ်းအချို့#စစ်ဆေး #ထုချေလွှာတင်ခိုင်း #Ayeyarwaddy_Times