
ဧရာဝတီတိုင်းမ်
(ရိခေါဒါရ်)၊ ဒီဇင်ဘာ ၃၀ ရက်
အိန္ဒိယ-မြန်မာ အမှတ်-၁ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသော ရိခေါဒါရ်မြို့သည် စီးပွားရေးအချက်အခြာကျသော နေရာတစ်ခုဖြစ်ပြီး အာဏာမသိမ်းခင်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အလွန်တိုးတက်ခဲ့ကြောင်းသိရသည်။
သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးကျဆင်းမှုကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးစနစ်လည်း ကျဆင်းသွားပြီး လက်ရှိတွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်တွင် စစ်ကောင်စီက ကုန်တင်ယာဉ်များကို ပိတ်ဆို့ထားသည့်အတွက် နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်နေကြောင်း သိရသည်။
“အဓိကကတော့ တရားဝင်ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ကုန်သွယ်စီးဆင်းမှုပေါ့နော်၊ ဒီဟာတွေ ပြတ်တောက်သွားတယ်။ ဘာဖြစ်လို့ ပြတ်တောက်သွားလည်းဆိုတော့ တိုက်ပွဲအခြေအနေကြောင့်ရယ် စစ်ကောင်စီက တပ်ထိုင်နေတဲ့ တပ်စခန်းတွေ ထပ်တိုးလာတယ်ဆိုတော့ လွတ်လပ်တဲ့ စီးပွားကုန်သွယ်ရေးတွေကို ထိခိုက်သွားတာပေါ့နော်။ အခုလည်း ကလေးမြို့ဘက်မှာ ယာဉ်တန်းတွေ ပိတ်ဆို့ထားတာကြောင့် ကုန်သွယ်ရေးမလည်ပတ်နိုင်သေးဘူး”ဟု ရိခေါဒါရ်မြို့၊ ဟွာလ်ငိုးရမ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဂျွန်ရိုဗာက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ယခင်အာဏာမသိမ်းခင်ကာလတွင် အလုပ်အကိုင်ပေါများ၍ ပြည်သူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိမှု ပုံမှန်ရရှိနိုင်သော်လည်း လက်ရှိတွင် တနေ့လုပ်အားခရရှိနိုင်ရန် အလွန်ခက်ခဲ နေကြောင်းသိရသည်။
လက်ရှိ ရိခေါဒါရ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်နေကြပြီး မြို့တွင်းတွင် ကုန်တင်၊ ကုန်ချလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများလည်း ရှိသလို စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှ ထွက်ရှိသော မုန်ညှင်း၊ ဝက်၊ ငါးတို့ကို အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဘက်သို့ တင်ပို့နေကြောင်းသိရသည်။
#ကလေးမြို့ #စစ်ကောင်စီ #ကုန်တင်ယာဉ်များပိတ်ဆို့ #အိန္ဒိယမြန်မာ #နှစ်နိုင်ငံကုန်သွယ်ရေး
#Ayeyarwaddy_Times