ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်တွင်းသတင်းမီဒီယာ ဌာနတစ်ခုဖြစ်သည့် MaeKong News(မဲခေါင်သတင်း)ဌာနကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လုပ်ငန်းလိုင်စင်ပိတ်သိမ်းကြောင်း ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက မဲခေါင်သတင်းဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ပျက်ပြားစေသည့် သတင်းများကို ရေးသားထုတ်လွှင့်ခဲ့သည်ဟု စွပ်စွဲကာ လုပ်ငန်းလိုင်စင် ပိတ်သိမ်းကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်ကောင်စီက မဲခေါင်သတင်းဌာနအား မီဒီယာ အမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ် ရေးသားထုတ်လွှင့်ခြင်းမပြုရန်လည်း ထုတ်ပြန်တားမြစ်လိုက်သည်။
“သတင်းလုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်တဲ့ အပေါ် သူတို့(စစ်ကောင်စီ)ရဲ့ကြေညာချက်ထဲမှာလည်း ပါတယ်ပေါ့နော်။ နိုင်ငံတော်နဲ့ ပြည်သူလူထုကို တရားဥပဒေ စိုးမိုးမှုလျော့နည်းအောင် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်တယ်ဆိုပြီးပြောထားတယ်။ အမှန်တကယ်တော့ အဲ့ဒီလို နိုင်ငံတော်နဲ့ ပြည်သူလူထုကို တည်ငြိမ်အေးချမ်းမှုမရှိအောင် တရားဥပဒေစိုးမိုးမှု မရှိတဲ့ လုပ်ရပ်တွေလုပ်နေတာက အခုလက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်ပဲဖြစ်တယ်။ ကျွန်တော်တို့လွတ်လပ်တဲ့ သတင်းမီဒီယာတွေမဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ်” ဟု မဲခေါင်သတင်းဌာန တည်ထောင်သူ တာဝန်ခံအယ်ဒီတာ ကို ဉာဏ်လင်းထက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းစစ်ကောာင်စီသည် မဲခေါင်သတင်းဌာန တည်ထောင်သူတစ်ဦးဖြစ်သည့် ကိုဉာဏ်လင်းထက်ကိုလည်း ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်း၀ရမ်းထုတ်ထားပြီး မဲခေါင်သတင်းဌာနအမည်တပ်ကာ တာချီလိတ်နှင့် ဘာအံမြို့နယ်များမှ သတင်းထောက် သုံးယောက်ကိုလည်း ဖမ်းဆီးထောင်ချထားကြောင်း သိရသည်။
“လက်ရှိမှာကျွန်တော်တို့ သတင်းအဖွဲ့တစ်ဖွဲ့လုံးကလည်း ပြည်တွင်းမှာ ရပ်တည်လို့မရဘူး။ လိုက်ဖမ်းနေတဲ့အတွက် တခြားတနေရာမှာ အခြေစိုက်ပြီးတော့လုပ်နေရတယ်။ အဲ့ဒီတော့ အခုလိုင်စင်သိမ်းလိုက်တာ ကျတော်တို့အတွက် ဘာမှမထူးဘူး။ ထူးပြီးတော့ တရားဥပဒေအကာအကွယ်ကို ဆုံးရှုံးသွားတာလည်းမရှိဘူး။ လိုင်စင်ရှိနေပြီးတော့ တရားဥပဒေ အကာကွယ်ရတာလည်းမရှိဘူး။ အဲ့ဒီတော့ ကျွန်တော်တို့အတွက် ဘာမှဆုံးရှူံးမှု မရှိဘူး၊ ဘာမှမထူးဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ကိုဉာဏ်လင်းထက်က ဆက်လက်ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ကာ သတင်းထောက်များကို ဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ သတင်းစာတိုက်များကို ပိတ်သိမ်းခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်နေပြီး ပြည်တွင်းမီဒီယာများဖြစ်သည့် Ayeyarwaddy Times၊ DVB၊ Khit Thit၊ Mizzima၊ Myanmar Now၊ 7 Day စသည့် သတင်းဌာနများကိုလည်း လုပ်ငန်းလိုင်စင် ပိတ်သိမ်းကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MeKong News
#MeKongNews #မဲခေါင်သတင်းဌာန #လုပ်ငန်းလိုင်စဉ်ပိတ်သိမ်း #စစ်ကောင်စီ
#Ayeyarwaddy_Times