
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
ဧရာ၀တီတိုင်း ပုသိမ်အကျဥ်းထောင်တွင် စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော နိုင်ငံရေးအကျဉ်းသား ၁၈ ဦး ရှိနေကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရှိရသည်။
လက်ရှိတွင် ရန်ကုန်အင်းစိန်ထောင်မှ လွှဲပြောင်းလာသူ သေဒဏ်ကျ အမျိုးသမီး တစ်ဦး၊ အမျိုးသားသုံးဦးနှင့် ဖျာပုံထောင်မှ သေဒဏ်ကျခံရသူ အမျိုးသား ၁၃ ဦးအပါအဝင် စုစုပေါင်း၁၈ဦးရှိကြောင်း သိရသည်။
“တိုင်းအတွင်းက ထောင်တွေမှာ သေဒဏ်တို့ နှစ်ကြီးသမားတို့ဆိုရင် ပုသိမ်ထောင်ကိုပဲပို့တာ။ ခုလူတွေက မြို့ပြပျောက်ကြားဆိုပြီး ဒလန်တွေ၊ရဲတပ်ဖွဲ့၀င်တွေကို ရှင်းတယ်လို့စွပ်စွဲပြီးအမှုတွေ လေးငါးမှုနဲ့ အမိန်ချခံရသူတွေ။ သေဒဏ် နှစ်ကြိမ် အမိန့်ချရတဲ့ သူတွေလည်း ပါ တယ်။ သေဒဏ်ရော၊ ထောင်ဒဏ် နှစ်ရှည်ရော အမိန့်ချခံထားရတဲ့ သူတွေလည်းပါတယ်”ဟု ပုသိမ်အကျဥ်းထောင်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
သေဒဏ် နှစ်ကြိမ်အပါအ၀င် ထောင်ဒဏ်၃၅နှစ် ကျခံရသူများမှာ ဖျာပုံမြို့နယ်မှကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နှင့် ကိုဝဏ္ဏထွန်းတို့ ခုနှစ်ဦးဖြစ်ကြောင်းသိရှိရသည်။
သေဒဏ် နှင့် ထောင်ဒဏ်၁၀နှစ်ကျော်ကျခံနေရသူများမှာ မအူပင်မြို့မှ ကိုဝေယံကျော်၊ ဘိုကလေးမြို့ နယ်မှ ဦးဌေးဝင်း၊ ကိုကျော်မိုးလွင်၊ ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုပြည်စုံဖြိုး နှင့် ကိုမင်းသူအောင်တို့ ခုနှစ်ဦး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ က အင်းစိန်ထောင်တွင်းတရားရုံးမှ သေဒဏ် အမိန့်ချမှတ်ခံရသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားသည်။
လက်ရှိပုသိမ်ထောင်တွင် ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံအကျဉ်းသား ၆၀၀ နီးပါးရှိပြီး အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ ၁၀၀ခန့်ရှိနေကာ ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရသည့် နိုင်ငံရေးမှုနှင့်ဆက်စပ်သည့် အမျိုးသမီး၊ အမျိုးသား ၄၀၀ ကျော် ဝန်းကျင် ရှိနေကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။
#ပုသိမ်အကျဥ်းထောင် #စစ်ကောင်စီ #သေဒဏ်ချမှတ် #နိုင်ငံရေးအကျဉ်းသား၁၈ဦး
#Ayeyarwaddy_Times