
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ရက်
ဧရာဝတီတိုင်း မအူပင်မြို့ပေါ်ရှိ လမ်းဘေး ဆိုင် (၁၀၀) ကျော်ကို လူကြီးလမ်းကြောင်း ရှိသည်ဟုဆိုကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်ဝန်ထမ်းများက ဖျက်သိမ်းခိုင်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မအူပင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်ဝန်ထမ်းများ ပိတ်သိမ်းခိုင်းခဲ့သည့် ဆိုင်များမှာ ကမ်းနားလမ်း၊ ရေလဲလမ်း နှင့် မြို့ရှောင်လမ်းတလျှောက်ရှိ ဈေးဆိုင်များ၊ လမ်းဘေး တွန်းလှည်းသည်များ နှင့် ကွမ်းယာ၊ ခေါက်ဆွဲကြော်၊ ငါးကင်၊ အသားကင်ဆိုင်များ ဖြစ်ကြောင်းသိရသည်။
“စားဝတ်နေရေး အခက်အခဲတွေဖြစ်ပြီး လမ်းဘေးဈေးသည် လုပ်နေရတာ။ စည်ပင်က နေ့တိုင်းကောက်တဲ့ အခွန်လည်း ပေးရတယ်။ အခုလည်း လူကြီး လမ်းကြောင်း ရှိလို့ ဆိုင်တွေဖျက်ပေးရမယ်ဆိုပြီး လုပ်ခိုင်းတော့ လူကြီးလာတဲ့နေ့ဆို ဈေးမရောင်းရဘူး ဆိုတဲ့သဘောမျိုးဖြစ်နေတယ်” ဟု လမ်းဘေးတွင် ဈေးရောင်းချနေသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယခုလာရောက်မည့်သူသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရာထူးကြီးမား သူဖြစ်ကြောင်း ကြားသိရပြီး လမ်းဘေးစျေးဆိုင်များ ပိတ်ထားသည်မှာ ၂ ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
“ အခုလူကြီးဆိုတာလည်းဘယ်သူ ဘယ်ဝါမှန်း မသိဘူး။ ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုဝန်ကြီးလို့ အသံကြားရတာပဲ။ တနေ့လုပ်မှ တနေ့စားရတဲ့ဘ၀ကို အခုလို ဆိုင်ခန်းလေးတွေဖျက်ပေးရတော့ စားဝတ်နေရေး အရမ်းခက်ခဲသွားတယ်။ ဘယ်နေ့ ဆိုင်ပြန်ဖွင့်လို့ရမယ်ဆိုတာ အကြောင်းမပြန်တော့ ၂ ရက်ရှိပြီ ဈေးမရောင်းရဘူး” ဟု လမ်းဘေးတွင် ဈေးရောင်းချနေသူက ဆိုသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့က ဧရာ၀တီတိုင်း ဝါးခယ်မမြို့နယ်ရှိ ကော်မရှင် အဖွဲ့ခွဲ ရုံးသစ် ဆောက်လုပ်နေမှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
#မအူပင်မြို့ #လမ်းဘေးဈေးဆိုင်၁၀၀ကျော် #လူကြီးလမ်းကြောင်း #မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ #စည်ပင် #ဖျက်သိမ်းခိုင်း #Ayeyarwaddy_Times