
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဒေသခံလယ်သမားများကို ဆန်စပါးအသင်းချုပ်က ကာလတိုချေးငွေများ ထုတ်ပေးမည်ဟုဆိုကာ ထောက်ခံစာလုပ်ရန် အကြောင်းပြ၍ မြို့နယ်စိုက်ပျိုးဘဏ်များမှ ငွေကျပ်သောင်းချီ တောင်းနေကြောင်းသိရသည်။
ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသခံလယ်သမားများကို ကာလတိုချေးငွေထုတ်ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလ၂၄ရက်နေ့က မြို့နယ်စိုက်ဘဏ်မှ ထောက်ခံစာလုပ်ခိုင်းနေပြီး တောင်သူတစ်ဦးလျှင် ငွေ ၃၀၀၀၀ ကျပ်ကောက်ခံကြောင်း ဒေသခံတောင်သူများထံက သိရသည်။
“ဆန်စပါးအသင်းရဲ့ ကာလတိုချေးငွေပေးမယ်ဆိုပြီးတော့ မြို့နယ်စိုက်ဘဏ်က ငွေချေးထောက်ခံစာလုပ်ခိုင်းနေတယ်။ ထောက်ခံစာတစ်စောင်ကို သုံးသောင်းတောင်းတယ်”ဟု ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကျေးရွာဒေသခံ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ သာပေါင်းမြို့နယ်၊ ကြံခင်းမြို့နယ်၊မြန်အောင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ် တို့တွင်လည်း ဆန်စပါးအသင်းအဖွဲ့ချုပ်၏ ကာလတိုချေးငွေထုတ်ပေးရန်အတွက် ဆိုကာ မြို့နယ်စိုက်ဘဏ်တွင် ထောက်ခံစာလုပ်ရန်အကြောင်းပြ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တောင်သူများအားစာရင်းကောက်ခံ၍ တစ်ဦးလျှင်စာရင်းသွင်းခ ငွေ ၂၀၀၀၀ ကျပ်ကောက်ခံပြီး စိုက်ဘဏ်ဝန်ထမ်းများနှင့် ခွဲယူနေကြောင်း တောင်သူများကပြောဆိုသည်။
“ထောက်ပံ့ချေးငွေကမထုတ်ပေးသေးဘူး။မြို့နယ်စိုက်ဘဏ်နဲ့ ရပ်ကျေးအုပ်ကြီးတွေပေါင်းပြီး ငွေတောင်းကုန်ပြီ။ထောက်ခံစာကြေးဆိုပြီး ငွေနှစ်သောင်းအတောင်းခံရတယ်။ မရှိဘူးမရလည်းနေပါစေတော့ဆိုပြီး မပေးတော့ဘူး။ အဆင်မပြေပါဘူးဆိုမှ ရပ်ကျေးအဖွဲ့တွေအတွက် ဂွင်ဖြစ်နေပြီ”ဟု ညောင်တုန်းမြို့နယ် နတ်ပေးကျေးရွာဒေသခံတောင်သူတစ်ဦးကဆိုသည်။
ဆန်စပါးအသင်းအဖွဲ့ချုပ်အနေဖြင့်လယ် ၁၀ ဧကအထက် လုပ်ကိုင်သူ တောင်သူများအား ကာလတိုချေးငွေအဖြစ် တစ်ဧက ကျပ် လေးသိန်းနှုန်း ထုတ်ချေးပေးမည့်အတွက် မြို့နယ်လယ်ယာ စိုက်ပျိုးရေးဘဏ်များတွင် တောင်သူများက လျှောက်ထားနေကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများတွင်ဖော်ပြသည်။
ယင်းချေးငွေလျှောက်ထားရန်အတွက်ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ခွင့်ပြုခြင်းဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ချေးနိုင်ရန် လျာထား ထားကြောင်းသိရသည်။
လယ်တစ်ဧကလျှင် ကျပ် ၄၀၀,၀၀၀ နှုန်းဖြင့် လယ်ဧက တစ်သိန်းအတွက် ကျပ်ဘီလျံ ၄၀ အထိ ထုတ်ချေးပေးရန်ဟု စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရ ပုဂ္ဂလိကဘဏ်များမှ ပေါင်းစပ် စီစဉ်ဆောင်ရွက်နေခြင်းဟု သိရသည်။
#ဧရာဝတီတိုင်း #လယ်သမား #ဆန်စပါးအသင်း #ကာလတိုချေးငွေထုတ်ချေးရန် #ထောက်ခံစာ #မြို့နယ်စိုက်ဘဏ် #ငွေတောင်း
#Ayeyarwaddy_Times