
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၌ ယာဉ်စည်းကမ်းအကြောင်းပြကာ မော်တော်ယာဉ်များကို ဖမ်းဆီးမှုပြုလုပ်ရာ၌ မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် ပါဝင်နေပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည်။
လေးမျက်နှာမြို့တွင်း လမ်းဆုံနေရာများတွင် ယာဉ်စည်းကမ်းအကြောင်းပြ၍ စစ်ကောင်စီတပ်မှ စစ်ဆေးရာတွင် မြို့မရဲစခန်းသို့ ဝင်ရောက်သည့် မူလတန်းကျောင်း(မြစ်ကျိုးဝ) လမ်းဆုံတွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၆ရက်နေ့မှစကာ မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် စစ်ဆေး၍ ကားတစ်စီးလျှင် ငွေ ငါးသောင်းကျပ်နှင့် ဆိုင်ကယ်တစ်စီးလျှင် ငွေ သုံးသောင်းကျပ် တောင်းခံနေကြောင်း မြို့ခံများထံကသိရသည်။
“ စခန်းမှူးကိုယ်တိုင်တောင်းနေတာ။ ရဲစခန်းဘက်ဝင်တဲ့ မြစ်ကျိုးမူလတန်းကျောင်းလမ်းဆုံမှာပဲ တောင်းတာ။ အဲ့ဘက်လမ်းဆုံသွားတဲ့ကားတွေ ဆိုင်ကယ်တွေမှန်သမျှ ယာဉ်မောင်းနဲ့လူလိုင်စင်စစ်ပြီး တခုမပါတာနဲ့ ကားဆို ငါးသောင်း၊ ဆိုင်ကယ်ဆို သုံးသောင်း စခန်းမှူးကိုပေးနေရတယ်။ အခြားလမ်းတွေမှာ ဒီအတိုင်းပဲစစ်ဆေးတယ် ။ ဒဏ်ငွေတောင်းတယ်ဒီလောက်ပဲ” ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လေးမျက်နှာမြို့နယ်အနေဖြင့် တစ်လလျှင် ငွေကျပ်သိန်း၁၅၀၀ တိုင်းစစ်ကောင်စီမှ ရန်ပုံငွေပေးရန် သတ်မှတ်ထားခြင်းကြောင့် မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် ငွေတောင်းခံနေခြင်းဖြစ်ကြောင်း မြို့မရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းရင်းမြစ်ထံကသိရသည်။
“တိုင်းကနေ တစ်မြို့နယ်လုံးကို တစ်လသိန်း ၁၅၀၀ ရန်ပုံငွေတောင်းတာ။ ယာည်ဖမ်းတဲ့ငွေတွေက လက်အောက်ခံရဲတွေနဲ့ စစ်သားတွေက အချိုးချခွဲယူတော့ ပေးစရာငွေမလောက်တော့တာနဲ့ စခန်းမှူးကိုယ်တိုင် ဆင်းတောင်းတဲ့သဘောပေါ့။ သူ့အတွက်လည်း ယူတဲ့သဘောပြောလို့ရတယ်”ဟု မြို့မရဲစခန်းနှင့်နီးစပ်သည့် ရဲသတင်းရင်းမြစ်ကဆိုသည်။
လေးမျက်နှာမြို့နယ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ကစပြီး တိုင်းစစ်ကောင်စီမှ တစ်လလျှင် ငွေကျပ်သိန်း ၁၅၀၀ တိုင်းရန်ပုံငွေအဖြစ် သတ်မှတ်ထားမှုကြောင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြို့အတွင်းရှိ လောင်းကစားဝိုင်းများနှင့် ယာဉ်စည်းကမ်းအကြောင်းပြ၍ တစ်ရက်လျှင် ငွေကျပ် သိန်း၁၀၀ နီးပါး ရှာဖွေနေရကြောင်းလည်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကဆိုသည်။
#လေးမျက်နှာ #မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် #ယာဉ်စည်းကမ်းအကြောင်းပြ #ဖမ်းဆီးငွေတောင်း
#Ayeyarwaddy_Times