
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်ခရိုင်)၊ ဒီဇင်ဘာ ၂၉ ရက်
ပဲခူးတိုင်းဒေသကြီး၊ ကေအန်ယူအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၈ ရင်အထိ သုံး ရက်တာကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိမှန်မှုကြောင့် သံဃာတစ်ပါး နှင့် ဒေသခံ ခြောက် ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။
တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များမှ နတ်သံကွင်းမြို့ကို ဒီဇင်ဘာ ၂၆ ရက်နေ့ကစတင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အထိနာခဲ့သည့်အတွက် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နတ်သံကွင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အထိပြုလုပ်ခဲ့သည့်အတွက် ဒေသခံ နှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပျဉ်းမပင်ရွာမှာ လက်နက်ကြီးထိတဲ့ ရွာသား လေးဦးရှိတယ်။ ကလေးငယ် နှစ်ဦး လက်နဲ့ ခေါင်းကို ထိခိုက်ခဲ့ပြီး အမျိူးသမီးတစ်ဦးကလည်း သေဆုံးခဲ့တယ်။ နောက် အမျိူးသားတစ်ဦးလည်း ခေါင်းထိခိုက်လို့ ဆေးရုံးပို့ထားရပြီး အခုသေသွားပြီလို့သိရတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ရွှေဝါအခြေစိုက် ခမရ-၃၀၇ တပ်ရင်း နှင့် ကညွတ်ကွင်းအခြေစိုက် ခမရ−၄၃၉တပ်ရင်း မှ ဟော်ဝင်ဇာလက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့သည့်အတွက် ဖြူးမြို့နယ်၊ ပျဉ်းမပင်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နော်ငယ်ငယ်သူ(၂၄နှစ်)နှင့် စောအောင်ကိုဝင်း(၃၈နှစ်) တို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နော်ဖောသောသောဝါး(၄နှစ်) နှင့် နော်သွန်းမီမီအောင်(၇နှစ်) တို့မှာ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့ပြင် နတ်သံကွင်းတိုက်ပွဲပြီးနောက် စစ်ကူလာသည့်စစ်ကြောင်းမှာလည်း သဲကောကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်သား ၂၀ ကျော် သေဆုံးခဲ့သည့်အတွက် သဲကောရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သဲကောကျောင်းထိုင်ဆရာတော်မှာ လက်နက်ကြီးထိမှန်ပြီး ပျံလွန်တော်မူခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါတိုက်ပွဲပြီးနောက် စစ်ကောင်စီက နတ်သံကွင်းမြို့နှင့် ပဲနွယ်ကုန်းမြို့များသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်ပံကုန်းကျေးရွာအတွင်းသို့လည်း လက်နက်ကြီးများ လုပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးထိမှန်ပြီး ဦးဝင်းကြည် (၅၂နှစ်) နှင့် မီးငယ် (၂၄နှစ်)တို့သေဆုံးခဲ့ရပြီး မမဲကြည် (၆၀နှစ်) နှင့် မိုးဝေ (၃၀နှစ်) တို့ မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် စစ်တောင်းမြစ်ဝှမ်းဒေသတစ်လျှောက်တွင် နယ်မြေစိုးမိုးနိုင်မှု လျော့နည်းလာသည်နှင့်အမျှ ဒေသခံများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုများမှာ နေ့စဉ်တိုးပွားလျက်ရှိသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် ယခု ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ကောက်ယူရရှိခဲ့သည့် စာရင်းများအရ သေဆုံးခဲ့သည့် အရပ်သားပြည်သူအရေအတွက်မှာ ၄၂၇၃ ဦးအထိရှိပြီး ပဲခူးတိုင်းအတွင်းမှ ၂၈၀ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ထံက သိရသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး။
#ညောင်လေးပင်ခရိုင် #မုန်း #ကျောက်ကြီး #လက်နက်ကြီးထိမှန် #အရပ်သားသေဆုံး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်
#Ayeyarwaddy_Times