မြရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ကောင်စီတပ်မှ အရာရှိ စစ်သည် တပ်ဖွဲ့၀င်များရှေ့တန်းတွင် တိုက်ပွဲကျ သေဆုံးသည့် ဖြစ်စဉ်နှင့် သေဆုံးသည့် နေ့ရက်များကို မိသားစုဝင်များထံ အသိပေးခြင်းသည့် မရှိသည့်အတွက် နေအိမ်တွင် မွေးနေ့ကိုရည်စူး၍ သပိတ်သွတ်နေရကြောင်း သိရသည်။

ရှေ့တန်းတွင် စစ်ကောင်စီတပ်မှ အရာရှိစစ်သည်များ သေဆုံးပြီး ရက်အတန်ကြာမှ မိသားစု၀င်များထံ သေဆုံးကြောင်း သတင်းပို့သည့်အတွက် မိသားစု၀င်များအနေဖြင့် သေဆုံးသည့်နေရာနှင့် နေ့ရက်ကိုမသိရဘဲ သေဆုံးသူ၏မွေးနေ့ကိုသာ ရည်စူး၍ နာရေးသပိတ်သွတ် ပြုလုပ်နေရကြောင်း တပ်မိသားစုများနှင့် နီးစပ်သူထံက သိရသည်။

“ဗိုလ်ကြီးသက်အောင် မိသားစုကိုဆို ရှမ်းမြောက်ပွဲမှာ ကျသွားပြီဆိုတာပဲ ပြောတယ်။ ဘယ်နေ့ကဆိုတာ မသိရတော့ သူ့မွေးနေ့ကို ရည်းစူးပြီး အိမ်မှာပဲတိုးတိုး တိတ်တိတ် သပိတ်သွတ်လိုက်ရတယ်။ ဘယ်တပ်ကလည်းတော့ မသိဘူး။ အသက်က (၃၅) နှစ် သုံးပွင့်နဲ့” ဟု တပ်မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် ဗိုလ်ကြီးသက်အောင်၏ မိသားစု၀င်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း တစ်နေရာတွင် သေဆုံးသွားသည်ဟုသာသိရပြီး နေရာအတိအကျနှင့် နေ့ရက်ကို မသိရသည့်အပြင် အလောင်းကိုလည်း ပြန်လည်မရရှိသည့်အတွက် ဗိုလ်ကြီးသက်အောင်၏ မွေးနေ့ကိုရည်စူး၍ သပိတ်သွတ် ခဲ့ရပြီး ထိုကဲ့သို့ ဖြစ်စဉ်အများအပြားရှိကြောင်း စုံစမ်းသိရသည်။

ထို့အပြင် ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များကို သေဆုံးစာရင်းမသွင်းဘဲ ပျောက်ဆုံးစာရင်းသွင်း ပြုလုပ်မှုများရှိနေသည့်အတွက် ကျန်ရစ်သည့် မိသားစု၀င်များမှာ မည်သည့် ခံစားခွင့်မှမရှိဘဲ တပ်လိုင်းခန်းနေရာမှ ဖယ်ပေးရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများနေသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ရှမ်းမြောက်တွင် စစ်တပ်ဘက်က ကျဆုံးမှုအနည်းအငယ်သာရှိကြောင်း ပြော ဆိုခဲ့သော်လည်း လျှို့ဝှက်ပေးပို့သည့် ကြေးနန်းစာများအရ တပ်ရင်းလိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။

ပုံစာ- ရှမ်းမြောက်နမ္မတူမြို့သိမ်း တိုက်ပွဲတွင် TNLA က စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ

#ရှမ်းမြောက် #သေဆုံးမှုများ #စစ်ကောင်စီတပ်မိသားစုများ #မွေးနေ့ရည်စူး #သပိတ်သွပ်နေရ
#Ayeyarwaddy_Times