ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်ကြိုးစားနေသည့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်နယ်မြေများရှိ ပြတိုက်နှင့် စေတီပုထိုးများကို စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ပျက်စီးသွားရပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO) ဝင်နိုင်ရေး ရပ်ဆိုင်းခံနိုင်ရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ မြောက်ဦးအခြေစိုက်တပ်ရင်းများဖြစ်သော ခမရ (၅၄၀)၊ ခမရ (၃၇၈) နှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့မှ မြောက်ဦးမြို့ရှိ ရှေ့ဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအအောက်အအုံတို့ကို ရည်ရွယ်ချက်ချက်ရှိရှိလက်နက်ကြီးဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့တွင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

“ယူနက်စကိုကိစ္စကတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက လုပ်လို့ကိုင်လို့မရတဲ့အခြေအနေမှာရှိပါတယ်။ အခုလို တိုက်ပွဲတွေဖြစ်လာချိန်မှာ နောက်ကမ္ဘာအမွေအနှစ်အထိ ထိခိုက်လာတဲ့ကိစ္စတွေကျတော့ (အဲဒီကိစ္စ)ရပ်ဆိုင်းမယ် လို့ထင်ပါတယ် ” ဟု ရခိုင်ပြည်နယ်အရေးကျွမ်းကျင်သူ ဒေသခံအယ်ဒီတာတစ်ဦးက ပြောကြားသည်။

လက်ရှိမြောက်ဦးတွင် တိုက်ပွဲအခြေအနေများကို မှန်းဆ၍မရနိုင်ကြောင်း၊ နှစ်ဖက်ပြောဆိုမှုများအရ မြောက်ဦးယဉ်ကျေးမှုနယ်မြေ ပစ်ခတ်ခံရသည့်အပေါ် တိုင်းရင်းသားတော်လှန်ရေး ( ERO) အဖွဲ့များက စိတ်ဆိုးဒေါသထွက်နေသဖြင့် မြောက်ဦးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ထို့ပြင်လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ ရခိုင်လူမျိုး၏ သမိုင်းအမွေအနှစ်နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ရည်ရွယ်ချက် ရှိရှိဖျက်ဆီးသဖြင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက်တုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော် ( ULA/AA)က သတင်း ထုတ်ပြန်သည်။

ရခိုင်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် အသိ အမှတ်ပြုရန် တင်သွင်းထားသည့် နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိ ကျောက်စာတိုင်များနှင့် ရှေးဟောင်းယဉ်ကျေး မှုရုပ်ဝတ္ထုများ ပျက်စီးသွားရသဖြင့် ထပ်မံကျူးးလွန်ခြင်းမရှိ‌စေရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ( UNESCO) ဝင်ရန်ပြင်ဆင်နေသည့် နေရာဖြစ်ပြီး ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာနေရာတွင် စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ရန် စစ်ဘေးမဲ့ဇုန်အဖြစ်ထားရှိရန် တောင်းဆိုများပြုလုပ်သော်လည်း စစ်ကောင်စီဘက်က လိုက်နာမှုပျက်ကွက်ကြောင်း ရခိုင်ပြည်နယ်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

“UNESCO ဝင်ဖို့ကိစ္စကတော့ ဒေသခံလူမျိုးတစ်ခုအနေနဲ့ ကြိုဆိုကြတယ်။ ကောင်းမွန်တဲ့ကိစ္စ တစ်ခုအနေနဲ့သုံးသပ်ကြတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒေသခံလူတွေရဲ့ ဦးစားပေးစိတ်ထဲမှာ ဒီကိစ္စကရှိမနေဘူး။ နောက်တစ်ခုက တိုက်ပွဲတွေရပ်မယ်ဆိုတဲ့ ကိစ္စကသိပ်တော့မဖြစ်နိုင်တဲ့ အနေအထားရှိနေတော့လေ။ ဒီကိစ္စက ခေါင်းထဲမှာရှိမနေဘူးပြောရမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြောက်ဦးမြို့တော်ကို အေဒီ ၁၄၃၀ ပြည့်နှစ်တွင် မင်းစောမွန်က စတင်တည် ထောင်ခဲ့ပြီး ပထမ- မြောက်ဦး ခေတ် (အေဒီ ၁၄၃၀-၁၅၃၀)၊ ဒုတိယ- မြောက်ဦးခေတ် (အေဒီ ၁၅၃၁-၁၆၃၈)၊ တတိယ-မြောက်ဦးခေတ် (အေဒီ ၁၆၃၈- ၁၇၈၅) ခေတ်သုံးခေတ်ဖြင့် ခိုင်မာစွာတည်ရှိခဲ့သည့်ရှေးဟောင်းအမွေအနှစ်မြို့တစ်ခုဖြစ်သည်။

ဓာတ်ပုံ – ရခိုင်အမျိုးသားအဖွဲ့ချုပ် ၊လူမှုကွန်ရက်
#ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ #မြောက်ဦး
#လက်နက်ကြီးကျရောက် #စစ်ကောင်စီ#AAတုံ့ပြန်မည် #Ayeyarwaddy_Times