
ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဒီဇင်ဘာ ၂၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရေတာကျေးရွာနှင့် ကျေးပင်အင်ကျေးရွာတို့၏ အုပ်ချုပ်ရေးမှူးဖြစ်သူဦးသန်းနိုင် နှင့် ဇနီးဖြစ်သူဒေါ်ခင်ဌေးမြင့်တို့ကို ယနေ့ ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဦးသန်းနိုင်မှာ ကျေးရွာဝန်းကျင်ရှိ ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ကာ ၎င်းအား ကျေးပင်အင်ကျေးရွာရှိ နေအိမ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ဌေးမြင့် မှာလည်း ပစ်ခတ်ခြင်းခံရပြီး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့ပျူစောထီးအဖွဲ့မှာ လူက ၁၄ယောက်၊ ၁၅ ယောက်လောက်ရှိတာ။ စစ်သင်တန်း ဆင်းထာတာမကြာသေးဘူး။ အခုအုပ်ချုပ်ရေးမှူးက ရွာနှစ်ရွာရဲ့ အုပ်ချုပ်ရေးမှူးပေါ့နော်။ တစ်ရွာက အုပ်ချုပ်ရေးမှူးကကြောက်လို့ ရှောင်နေတော့ သူကတာဝန်ယူထားတာ။ သူ့မှာက သေနတ်လည်းရှိတယ်။ အခုသူ့ကိုရှင်းတော့သေနတ်ကိုရှာမတွေ့ဘူး။ အရင်ကဆိုသေနတ်တပြပြနဲ့ ခြိမ်းခြောက်နေတာ။ သူ့မိန်းမလဲတူတူပဲ။ တိုင်တာများလာပြီး သူ့ကြောင့်ဒုက္ခရောက်ရတာတွေရှိလာတော့ မရှင်းမဖြစ်မို့လို့ ပစ်ခတ်ရတာဖြစ်တယ်” ဟု PDF တပ်ရင်း ၃၈၀၂ တပ်ရင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အုပ်ချုပ်ရေးမှူးဦးသန်းနိုင်၏ နေအိမ်အတွင်းမှ လက်ပစ်ဗုံး နှစ် လုံး၊ အီနာဂါ တစ် လုံး၊ အီနာဂါပို့ကျည် တစ် လုံး၊ ၅ ဒသမ ၅၆ ကျည် ခြောက်တောင့်၊ စကားပြောစက် တစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့မှာ လောင်းကစားဝိုင်းများထံမှ ဆက်ကြေးကောက်ခံခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အချက်အလက်များနှင့် PDF စခန်းတည်နေရာများကို စစ်ကောင်စီထံ သတင်းပို့ခြင်း၊ ၎င်းတို့တိုင်ကြားမှုကြောင့် တော်လှန်ရေးအဖွဲ့ဝင်များ၏ မိသားစုအချို့မှာ ထွက်ပြေးရှောင်တိမ်း နေရပြီး ဒေသခံပြည်သူများကို ဖိနှိပ်ဒုက္ခပေးနေသည့်အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့။
#အုတ်ဖို #အုပ်ချုပ်ရေးမှူး #လင်မယား #ပစ်ခတ်ခံရ #လက်နက်ခဲယမ်းသိမ်းဆည်းရမိ #PDF
#Ayeyarwaddy_Times