
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော် ငါး ဦး ကျဆုံးခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။
နတ်သံကွင်းရှိ စစ်ကောင်စီ၏ အုန်းနှဲပင်တပ်စခန်း၊ နရွဲပင်တပ်စခန်းနှင့် လည်ပတ် တပ်စခန်းများကို KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တိုက်ခိုက်၍ သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“မြို့သိမ်းတိုက်ပွဲမှာ လှုပ်ရှားတပ်ခွဲတွေကပါ KNLA လက်အောက်ကနေ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာရှိတယ်။ အခုနတ်သံကွင်း စခန်းသိမ်း တိုက်ပွဲမှာ ရဲဘော် ငါး ယောက် အသက်ပေးခဲ့တယ်။ ဧရာဝတီတိုင်းက ရဲဘော် နှစ်ယောက် ပါပါတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ပြန်လည်ခုခံတော်လှန်မှုများတွင် ဧရာဝတီတိုင်းသား အများအပြားပါဝင်နေပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
“စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် ကျွန်တော်တို့ ဧရာ၀တီတိုင်းသားတွေလည်း စစ်အာဏာရှင် အလိုမရှိကြောင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်။ ဆန္ဒပြတဲ့ လူငယ်အချို့ ဖမ်းဆီခံရတာရှိတယ်။ အခုတော့ တိုင်းရင်းသားနယ်မြေ ဒေသတွေမှာ စစ်ပညာတွေသင်ယူပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပါတယ်။ အသက်ပေးခဲ့ ကြရတဲ့ ဧရာဝတီတိုင်းသား လူငယ်တွေလည်း ရှိနေပါတယ်” ဟု ဧရာ၀တီတိုင်းသား မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
နတ်သံကွင်းမြို့သိမ်း တိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ- တော်လှန်ရေးတပ်ဖွဲ့များ (ပုံဟောင်း)
#နတ်သံကွင်းမြို့သိမ်းတိုက်ပွဲ #ဧရာ၀တီတိုင်းမှရဲဘော်၂ဦး #တော်လှန်ရေးတပ်ဖွဲ့ဝင်၅ဦး #ကျဆုံး #Ayeyarwaddy_Times