မြရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ဆင်ရေးနှစ်လတာကာလအတွင်း နမ္မတူမြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က ပဉ္စမမြောက်မြို့အဖြစ် သိမ်းပိုက်ခဲ့ပြီး အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ၄ ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့အတွင်းရှိ စစ်စခန်းအားလုံးကို တိုက်ခိုက်နိုင်ခဲ့ပြီး မြို့ကိုသိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA က ဆိုထားသည်။

နမ္မတူမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ-၃၂၄ ဗျုဟာကုန်း မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ နမ္မတူမြို့မရဲစခန်းနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို အလုံးစုံတိုက်ခိုက် သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံက ဟောင်၀စ်ဇာ အမြောက်အပါအ၀င် လက်နက်မျိုးစုံ၊ မိုင်းနှင့် ခဲယမ်းမျိုးစုံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဆိုထားသည်။

ထို့အပြင် နမ္မတူမြို့အတွင်းရှိ စစ်ကောင်စီ၏စစ်စခန်း များကို တိုက်ခိုက်နေစဉ်အတွင်း ဂျက်ဖိုက်တာ၊ Y-12, MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်မှု (၆၁) ကြိမ်ပြုလုပ်ခဲ့ပြီး ခမရ ၃၂၄ တပ်စခန်းအတွင်းမှ ဟောင်၀စ်ဇာ လက်နက်ကြီးဖြင့် (၉၃) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး နှစ်လတာကာလအတွင်း TNLA တပ်ဖွဲ့က ရှမ်းမြောက်ရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံနှင့် မိုင်းလုံမြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယခုပဉ္စမမြောက်မြို့အဖြစ် နမ္မတူမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေး‌ကာလအတွင်း စစ်ကောင်စီ၏ အဓိက ဗျူဟာကျသော စစ်စခန်းများ၊ မြို့ကြီးများကို သိမ်း ပိုက်နိုင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့က ယခုလာမည့် နှစ်သစ်တွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဆန္ဒများ ပြည့်၀စေရေးအတွက် ယခုထက်ပို၍ အားစိုက်ကြိုးပမ်းကြရန် တိုက်တွန်းကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲက ထုတ်ပြန်ထားသည်။

အလားတူ ညီနောင်မဟာမိတ်သုံးဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသော မြို့ကြီးများတွင် အုပ်ချုပ်ရေးယန္တယားများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းလျက် ရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ- PSLF/TNLA သတင်းနှင့်ပြန်ကြားရေး
#ရှမ်းမြောက် #နမ္မတူမြို့သိမ်းတိုက်ပွဲ #ညီနောင်မဟာမိတ် #ဟောင်၀စ်ဇာ #Ayeyarwaddy_Times