ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ ဆေးရုံသစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မူဖြစ်ပွားခဲ့ကြောင်း ချင်းနယ်မြေကာကွယ်ရေးတပ်(ပလက်ဝ)က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆမီးမြို့ အမှတ် ၂ ရပ်ကွက် ဆေးရုံးသစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်၊ ညနေ ၄ နာရီကျော်တွင် CDF(ပလက်ဝ) တပ်ရင်း ၁၊ လင်းယုန်တပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ထိတွေ့ပစ်ခတ်မူရှိကြောင်း CDF(ပလက်ဝ)တာဝန်ရှိသူက ပြောသည်။

“မနေ့ ညနေက စစ်ကောင်စီနဲ့ ထိတွေ့ပစ်ခတ်မူ ရှိတယ်။ ကျွန်တော်ဘက်နေ သွားရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မိနစ်ပိုင်းတွင်း ထိတွေ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ဗျူဟာကုန်းဘက်ကို တပ်ဆုတ်သွားတယ်။ ကျွန်တော်တို့ဘက်က အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ထိခိုက်သေဆုံးမူကို မသိရသေးဘူး။ စစ်ဆင်ရေးက မပြီးသေးတော့ နောက်မှ အသေးစိတ် ထုတ်ပြန်သွားမှာပါ “ဟု CDF ပလက်ဝ ၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိတွေ့ပစ်ခတ်မှုသည် မိနစ်ပိုင်းတွင်းသာ ဖြစ်ပွားခဲ့ပြီး အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆမီးဗျူဟာကုန်းရှိရာသို့ တပ်ပြန်ဆုတ်သွားပြီး သိရသည်။ ထို့အပြင် ဆမီးမြို့နှင့် နီးစပ်ရာ ကျေးရွာများမှ ပြည်သူများ သတိဖြင့် အသွားလာပြုလုပ်ကြရန်နှင့် တောတောင်ထဲတွင် အမဲလိုက်ခြင်း မပြုလုပ်ကြရန် CDF(ပလက်ဝ)က အသိပေးထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ဆမီး-ပလက်ဝ ကားလမ်းပေါ်ရှိ စစ်ကောင်စီအင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ၏ ရင်ကွဲတော်တပ်စခန်းအား ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- CDF- ပလက်ဝ ရဲဘော်များ

#ချင်းပြည် #ဆမီး #CDFပလက်ဝတပ်ဖွဲ့ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #တိုက်ခိုက်ခံရ
#Ayeyarwaddy_Times