
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် တရုတ်အကျိုးစီးပွားအတွက် တောင်ပိုင်းရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံးပြန်စနိုင်ရန် စစ်ကောင်စီက ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) က ကျောက်ဖြူမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းခုနစ် ခုကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ပေါက်တော၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အပါအဝင် ပုဏ္ဏာကျွန်း၊ ပလက်ဝ၊ မြောက်ဦး ၊ကျောက်တော်နှင့် မင်းပြားမြို့နယ်များရှိ နယ်မြေခံစခန်းနှင့် ရဲစခန်းများ သိမ်းပိုက်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန် ထားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စစ်ကောင်စီနှင့် တရုတ်က လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူ စာချုပ်ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ်ကို ဒီဇင်ဘာ ၂၆ ရက်နေ့၊ ညနေပိုင်းက Horizon Lake View Hotel၊ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
အစုရှယ်ယာခွဲဝေမှုနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်က သဘောတူသတ်မှတ် ချက်အတိုင်း မြန်မာမှ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်းရင်းနှီး မြှုပ်နှံအကောင် အထည်ဖော်မည်ဟု စစ်ကောင်စီ၏ ပြည်ထောင်စု၀န်ကြီး ၊ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဆိုထားသည်။
“ စီမံကိန်းတွေဆက်လုပ်ဖို့က အခြေအနေရှိတယ်။ မရှိဘူးဆိုတာထက် နဂို စာချုပ်ပြီးသား စာချုပ်မှာ နောက်ဆက်တွဲချုပ်တာပဲ။ ဒါကဆက်လုပ်တဲ့ကိစ္စပဲ။ စီမံကိန်းကိုလုပ်ဖို့က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာထည့်သွင်း စဉ်းစားမယ်လို့ ထင်ပါတယ်။ တရုတ်စဉ်းစားတဲ့ပုံစံက သူတို့အကျိုးစီးပွားအတွက် နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် လှုပ်ရှားမယ့် သဘောမှာရှိတယ်” ဟု ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတစ်ခု၏ အယ်ဒီတာချုပ်က သုံးသပ်ပြောကြားသည်။
ကျောက်ဖြူရေနက် စီမံကိန်းကို အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၁၀ ခုပါဝင်၍ တစ်နှစ်လျှင် ပေ ၂၀ ကွန်တိန်နာအလုံးရေ ခုနစ်သန်း(၇,၀၀၀,၀၀၀)ခန့် လက်ခံထားနိုင် မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ဆိုထားသည်။
” ဒီကာလမှာတော့ ကျွန်တော်တို့ ဒေသခံတွေဘက်ကတော့ ဒီစီမံကိန်းတွေကို ဆက်လက် ပြီး မလုပ်စေချင်ဘူး။ လုပ်ဖို့မသင့်တဲ့အခြေအနေဆိုပြီးတော့လည်း ပြောကြတယ်။ ဒီလို အနေအထားတွေကိုလည်း ERO တွေရော အခြားသူတွေရော ထည့်သွင်းစဉ်းစားကြလိမ့် မယ်ထင်ပါတယ် ” ဟု ရခိုင်ပြည်နယ်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ကုန်စည်များကို စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ တဆင့် တင်ပို့နေခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံမှ ကုန်စည်များအပါအဝင် နိုင်ငံကို ဖြတ်သန်းသွားမည့်ကုန်စည်များကို အာဖရိကနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် ဥရောပ နိုင်ငံများကို တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်သည်ဟု စစ်ကောင်စီ၏ အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဆိုထားသည်။
“တရုတ်က သူတို့က လုပ်စရာရှိတာလုပ်ဦးမှာပဲ။ လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေကတော့ နှစ်ဖက်စလုံးလည်း သိလိမ့်မယ်လို့ယူဆပါတယ်။ ဒါကတော့သိပ်အများကြီး ပတ်သက် မယ်မထင်ဘူး။ ရှမ်းမြောက်မှာဆွေးနွေးညှိနှိုင်းတဲ့ကိစ္စ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ဒါကနဂိုရှိနေပြီးသား ကိစ္စကို ဆက်ပြီးတော့ လုပ်တာဖြစ်တဲ့ အတွက် တိုက်ရိုက်တော့မသက်ဆိုင်ဘူးလို့ထင်ပါတယ်” ရခိုင်ပြည်နယ် အခြေစိုက်မီဒီယာတစ်ခု၏ အယ်ဒီတာချုပ်က ဆိုသည်။
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI)တွင် ပါဝင်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းထဲမှ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အချိန်အတိုအတွင်း အောင်မြင်စွာဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုထားသည်။
အဆိုပါစီမံကိန်းအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ် (Share-holders’ Agreement)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) များ ကို ၂၀၂၀ ပြည့်နှစ်က ချုပ်ဆိုနိုင်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီက တရုတ်အကျိုး စီးပွားအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ယခုကဲ့သို့အလျင် အမြန် အကောင်အထည်ဖော်ရန်ဆောင်ရွက်နေခြင်း ဖြစ်သည်။
“ကျောက်ဖြူစီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့်ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း (CMEC) အဖြစ် အသုံးပြုနိုင်မည်” ဟု စစ်ကောင်စီ၏ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဆိုသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရခိုင်ပြည်နယ်မြောက်ပိုင်း #တိုက်ပွဲများပြင်းထန် #တရုတ်အကျိုးစီးပွား #ကျောက်ဖြူစီမံကိန်း #စစ်ကောင်စီပြင်ဆင် #Ayeyarwaddy_Times