
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် တော်လှန်ရေးအတွက် ထောက်ပံ့သည်ဟုအကြောင်းပြကာ မြို့ခံ ၁၅ဦး ကို ဖမ်းဆီး၍ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည) ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက် နေ့ တစ်ရက်အတွင်း အမှတ် ၁ရပ်ကွက်၊အမှတ် ၄ရပ်ကွက်နှင့် အမှတ် ၆ ရပ်ကွက်တို့မှ အသက် ၂၅ နှစ်မှအသက် ၃၀ နှစ်အရွယ် ဝန်းကျင်ရှိ အမျိုးသား ၁၀ဦးနှင့် အမျိုးသမီး ငါးဦး ၊ စုစုပေါင်း ၁၅ ဦး ကို တော်လှန်ရေးရေးအဖွဲ့များထံထောက်ပံ့သည်ဟုအကြောင်းပြ၍ ဖမ်းဆီးခံခဲ့ရကြောင်း ရဲစခန်းနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ထံကသိရသည်။
“ ခရစ်စမတ်တစ်ရက်ထဲ PDF အဖွဲ့ကို KPAY ၊Wave Payကနေ ထောက်ပံ့တယ်ဆိုပြီး လူငယ် ၁၅ဦးလောက်ဖမ်းဆီးခံရတယ်။ စစ်တပ်ကနေဖမ်းပြီး လာပို့ထားတာ ။အခုရဲစခန်းမှာထိန်းသိမ်းထားတယ်”ဟု ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် နီးစပ်သည့်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဟင်္သာတမြို့တွင် ပြီးခဲ့သည့် ခရစ်စမတ်နေ့က စစ်ကောင်စီတပ်မှ လုံခြုံရေးအကြောင်းပြ၍ လမ်းသွားလမ်းလာမြို့ခံများအပေါ် လက်ကိုင်ဖုန်းစစ်ဆေးရာမှ ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်သည်။
“ခရစ်စမတ်နေ့မှာ စစ်ဆေးရေးအရမ်းလုပ်တယ်။ လမ်းမပေါ်မှာကို ပြည်သူ့စစ်တွေကော စစ်ကောင်စီတပ်တွေ အများကြီး လုံခြုံရေးကင်းလှည့်နေတာ။အဲ့မှာ ဖုန်းတွေစစ်ရင်း ဖမ်းမိတာ ဖြစ်နိုင်တယ်။ ကျွန်မလည်း ဖုန်းစစ်ခံခဲ့ရတယ်” ဟု ဟင်္သာတမြို့ခံ အမျိုးသမီးတစ်ဦးကဆိုသည်။
ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းကလည်း တော်လှန်ရေးအင်အားစုများကို ထောက်ပံ့သည်ဟုအကြောင်းပြကာ အကြော်စုံဈေးသည်အမျိုးသမီးတစ်ဦးနှင့် လူငယ်အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀(က)ဖြင့်အမှုဖွင့်ထားသည်။
#ဟင်္သာတတွင် #တော်လှန်ရေးအဖွဲ့ #ထောက်ပံ့ဟုအကြောင်းပြ #မြို့ခံ၁၅ဦး #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times