
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အထောင်တိုက်နယ်ကျေးရွာအုပ်စု ကျွဲခြံဒေါင့်ကျေးရွာလမ်းဖွင့်ပွဲအတွက် မြို့နယ်စစ်ကောင်စီက ဒေသခံများထံမှ ငွေကျပ် သိန်း၁၀၀ ကောက်ခံပြီး ငွေမပေးနိုင်သူများအနေဖြင့် လုပ်အားပေးရန် အတင်းအကျပ်စေခိုင်းခံရကြောင်း သတင်းရရှိသည်။
ကျေးရွာလမ်းဖွင့်ပွဲကို လာမည့်ဇန်နဝါရီလ၂ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကာ မြို့နယ်စစ်ကောင်စီက ဒေသခံများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းစီကောက်ခံနေသည်ဟု ဒေသခံများထံကသိရသည်။
“ ရွာလမ်းဖွင့်ပွဲအတွက် တစ်အိမ် တစ်သိန်းမဖြစ်မနေ အတင်းထည့်ခိုင်းတယ်။ မြို့နယ်ထွေအုပ်က လာကောက်နေတာ။ ဘယ်လိုပေးနိုင်မှာလဲ၊ မပေးရင်လည်းပြဿနာအရှာခံရအုံးမယ်”ဟု ကျွဲခြံဒေါင့် ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ကဲ့သို့ လမ်းဖွင့်ပွဲအတွက် ငွေမပေးနိုင်သူများအနေဖြင့် လုပ်အားပေးရန်အတွက် မြို့နယ်စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံသို့ ညွှန်ကြားထားကာ တအိမ်တစ်ယောက်မဖြစ်မနေ လာရောက်ရန် ဖိအားပေးစေခိုင်းခံနေရကြောင်း ဒေသခံများက ပြောဆိုသည်။
“ လမ်းဖွင့်ပွဲအတွက် တောင်းတဲ့ငွေက ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ မပေးနိုင်ရင် လုပ်အားလာပေးရမယ်ဆိုပြီး စာရင်းကောက်သွားတယ်။ ရွာထဲမှာလည်းတစ်အိမ်ကို တစ်ယောက် မဖြစ်မနေ လုပ်အားပေးဖို့ ရာအိမ်မှူးတွေ ပြောသွားတယ်”ဟုကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ကဆိုသည်။
ကျုံပျော်မြို့နယ်၊ ကျွဲခြံဒေါင့်ကျေးရွာလမ်းသည် ပေ၅၀၀ ရှိ ကွန်ကရစ်လမ်းအမျိုးအစားဖြစ်၍ ဒေသခံများမှ စုပေါင်းထည့်ငွေဖြင့် လမ်းခင်းထားခြင်းဟု သိရသည်။
#ကျုံပျော်# ကျေးရွာလမ်းဖွင့်ပွဲအတွက် #မြို့နယ်စစ်ကောင်စီ #ဒေသခံများထံမှငွေတောင်းခံ #မပေးနိုင်သူများကို #လုပ်အားပေးခိုင်း #Ayeyarwaddy_Times