ဇလပ်ဖြူ/ ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးဝလမ်း ကလေးမြို့ပြည်သူ့ဆေးရုံကြီးအနီးတွင် ယမန်နေ့ ဒီဇင်ဘာ ၂၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာသည့် လမ်းသွားလမ်းလာများကို သေနတ်နှင့်ပစ်ခတ်ခဲ့သောကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ ၆ နှစ်အရွယ် ကလေးငယ်အပါ အဝင် အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ နံနက် ၈နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ပေါ်ရှိ အမျိုးသားကို ဆိုင်ကယ်ရပ်ပေးခြင်းမရှိသောကြောင့်ဟုဆိုကာ သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်ခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသမီး၏ ပေါင်ကိုထိမှန်ခဲ့ပြီး ကလေးငယ်မှာလည်း သေနတ်ထိမှန်၍ လက်ဆစ်ပြုတ်သွားကြောင်း မျက်မြင်တွေ့ရှိသူများထံက သိရသည်။

“ဆိုင်ကယ်တားတာကို ရပ်မပေးလို့ပစ်တာ။ ဆိုင်ကယ်သံ၊ ကားသံတွေနဲ့ ဆူညံနေတော့ ဆိုင်ကယ်နဲ့လူလည်း တားတာကို မကြားလို့လားမသိဘူး။ ဆက်မောင်း သွားတာ။ အဲ့မှာအတွဲလိုက် လှမ်းပစ်တာ။ အဲ့အမျိုးသားကတော့ ပွဲချင်းပြီးသေတယ်။ လူစည်တဲ့နေရာဆိုတော့ တခြားလူတွေလည်း ထိတာရှိတယ်။ ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာပြင်းပုံရတယ်” ဟု မျက်မြင်တွေ့ရှိသည့် ကလေးမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူသည် လူလတ် ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ် ကြောင်း ဧရာ၀တီတိုင်းမ်အနေနဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးသလို ဒဏ်ရာရသူများကို စစ်ကောင်စီတပ်သားများက စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့ကလည်း ကလေးမြို့ ၊ တာဟန်း AG ဘုရား ကျောင်းအနီးတွင် ဘောလုံးကန်ရန် သွားသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အသက် (၁၇) နှစ်အရွယ် ကလေးမြို့ U-17 လက်ရွေးစင် လူငယ်ကစားသမား မောင်လျန်မွမ်းစိန် သေဆုံးခဲ့သည်။

လက်ရှိတွင် ကလေးမြို့တွင်းပိုင်းအတွင်း လုံခြုံရေးကို စစ်ကောင်စီတပ်က ပိုမိုတင်းကျပ်ထားပြီး ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ကောက်ခံမှုများလည်း ပြုလုပ်လာကြောင်း ဒေသများထံက သိရသည်။

ပုံစာ – ကလေးမြို့တွင် စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားစဉ် (ပုံဟောင်း)

#စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ကောင်စီတပ်ပစ်ခတ် #အရပ်သားသေဆုံး #စစ်ဆေးရေးတင်းကျပ် #ကလေးငယ်ဒဏ်ရာရ #Ayeyarwaddy_Times