
ဧရာဝတီတိုင်းမ်
(နတ်သံကွင်း)၊ ဒီဇင်ဘာ ၂၈ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို ဖားစည်ဟိန်းသံ နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး(နတ်သံကွင်း) အမည်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ၂၆ရက်၊ နံနက် ၅ နာရီ ဝန်းကျင်မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြပြီး ယခုအခါတွင် နတ်သံကွင်းမြို့ကို စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
နတ်သံကွင်းရဲစခန်းကို တိုက်ခိုက်နေစဉ် တစ်ချိန်ထဲတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာ၊ လည်ပါတ်ရွာ စခန်းတို့အား တပြိုင်က်တည်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း ၂၀ နှင့် လက်နက် ၁၉ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“နတ်သံကွင်းမှာက မြို့ထဲမှာ ပုန်းနေတဲ့တပ်ဖွဲ့ဝင်တွေပဲရှိတော့တယ်။ အခုကနယ်မြေ ရှင်းလင်းနေဆဲပါ။ မြို့ကိုစိုးမိုးထားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ လေကြောင်း တိုက်ခိုက်မှုက တိုက်ပွဲဖြစ်တဲ့နေ့ကတော့ ရှိခဲ့တယ်။ စစ်ကောင်စီကပစ်လိုက်တဲ့ လက်နက်ကြီးက ပဲနွယ်ကုန်းမြို့ သဲကောရွာ ဘုန်းကြီးကျောင်းထဲကျလို့ လက်နက်ကြီး စထိပြီး ကျောင်းထိုင် ဆရာတော် တစ်ပါး ပျံလွန်တော်မူသွားတယ်” ဟု မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နတ်သံကွင်း တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က လက်နက် ကြီးပစ်ကူတပ်ဖွဲ့မှာလည်း စစ်ကောင်စီလက်အောက်ခံ ခမရ-၃၀၇၊ ခမရ-၃၅၁၊ ခလရ-၆၀ တပ်ရင်းများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုအခါတွင် မြို့အတွင်းတွင် ထွက်ပြေးပုန်းအောင်းနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာ၂၇ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းမြို့ဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးခဲ့ပြီး သဲကော ကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – KNU
ပုံစာ – တိုက်ပွဲအတွင်းသိမ်းဆည်းရမိခဲ့သည့်လက်နက်များ။
#နတ်သံကွင်းမြို့သိမ်းတိုက်ပွဲ #KNLA #PDF #ရဲစခန်း #စစ်ကောင်စီတပ်သား၂၀သေဆုံး #Ayeyarwaddy_Times