
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ၂၇ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရဲစခန်းကို ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ညတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွားများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။
မြောက်ဦးမြို့ခရိုင်ရဲစခန်း နှင့် စစ်ကောင်စီတပ်စခန်းချထားသည့် သူတော်မတောင်ကုန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူတော်မတောင်ကုန်းကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
” စစ်ကောင်စီတပ်က မြောက်ဦးမြို့မှာရှိတဲ့ ခရိုင်ရဲစခန်းမကျရေးအတွက် လေယာဥ် ပစ်ကူတွေ လက်နက်ကြီးတွေနဲ့ စစ်ကူပေးပြီး ပစ်ခတ်တာတွေပြုလုပ်ပေးခဲ့တယ်။ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေရာကနေ မနေ့ည (ဒီဇင်ဘာ ၂၆ရက်) ပိုင်းမှာတော့ မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို AA က သိမ်းပိုက်ခဲ့တယ်” ဟု မြောက်ဦးမြို့အနီးတွင် နေထိုင်သူ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ၃ ရက်တာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကြောင့် ခိုက်ဒဏ်ရာရရှိခဲ့သူ ဒေသခံ ၂၀ ဦးနီးပါးရှိခဲ့ပြီး သေဆုံးသူ ကိုး ဦးအထိရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
“စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတာ မိုးခြိမ်းတာထက်သာတယ်။ မြောက်ဦးမြို့ပေါ်မှာ တစ်နေ့လုံး တစ်ညလုံးနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတာ။ လေယာဥ်နဲ့လည်းအကြိမ်ကြိမ် ဗုံးလာကြဲနေတာ။ ညကတော့ အဲဒီ ခရိုင်ရဲစခန်းကိုပဲ AA ကသိမ်းလိုက်တာ” ဟု ရခိုင် ဒေသခံအမျိုးသားက ဆိုသည်။
#မြောက်ဦးမြို့ခရိုင်ရဲစခန်း #ရက္ခိုင်တပ်တော်AA #သိမ်းပိုက် #တိုက်ပွဲများဆက်လက်ပြင်းထန် #Ayeyarwaddy_Times