ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

ပြီးခဲ့တဲ့အပတ်အတွင်း အနောက်ဘက်ကမ်းခြေအလွန်မှာ ဓာတုကုန်တင်သင်္ဘောတစ်စင်း ဒရုန်းတစ်စင်း ရဲ့ တိုက်ခိုက်မှုခံရပြီးနောက် အာရေဗျပင်လယ်သို့ စစ်သင်္ဘော ၃ စင်း စေလွှတ်လိုက်ပြီလို့ အိန္ဒိယနိုင်ငံက ပြောပါ တယ်။

ဓာတုကုန်တင်သင်္ဘော MV Chem Pluto ဟာ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ကမ်းခြေအ လွန်၊ ရေမိုင် ၂၀၀ ခန့်အကွာမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အိန္ဒိယလူမျိုး ၂၁ ဉီးနဲ့ ဗီယက်နမ်နိုင်ငံသားတစ်ဉီး တင်ဆောင်လာတဲ့ ဂျပန်နိုင်ငံပိုင် အဆိုပါသင်္ဘောဟာ လိုက်ဘေးရီးယားအလံ လွှင့်ထူထားပြီး နယ်သာလန်ကုမ္ပဏီတစ်ခုက လုပ်ကိုင်ပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ အဆိုပါသင်္ဘောဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံမှ ရေနံတွေ သယ်ဆောင်ကာ အိန္ဒိယတောင်ပိုင်း မန်ဂလိုဆိပ်ကမ်းသို့ ဉီးတည်မောင်းနှင်နေတာလို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းက MV Chem Pluto ကို မွမ်ဘိုင်းမြို့အထိ စောင့်ကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။

“မကြာသေးမီက အာရေဗျပင်လယ်အတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်တာကြောင့် အိန္ဒိယရေတပ် က ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ၃ စင်းကို နယ်မြေအသီးသီးသို့ စေလွှတ်ခဲ့ပါတယ်” လို့ အိန္ဒိယရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အခြေအနေကို စောင့်ကြည့်ဖို့ တာဝေးသွား ရေကြောင်းကင်းထောက်လေယာဉ်တစ်စင်းလည်း ပုံမှန် ပျံ သန်းနေတယ်လို့ အိန္ဒိယရေတပ်က ဆိုပါတယ်။

အိန္ဒိယနိုင်ငံက အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆော်ဒီအာရေးဘီးယားနဲ့ အီရတ်နိုင်ငံမှ လောင်စာဆီ တင်ပို့မှုကို အကြီးအကျယ် မှီခိုနေရတာကြောင့် အာရေဗျပင်လယ်အတွင်း သင်္ဘောတွေ တိုက်ခိုက်ရမှုက ပြဿနာ တစ်ရပ် ဖြစ်လာနိုင်ပါတယ်။

“အိန္ဒိယနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာတစ်ခုလုံးအတွင်း လုံခြုံရေးဆောင်ရွက်ပေးရတဲ့ အခန်းကဏ္ဍကနေ ပါ ဝင်နေပါတယ်” လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းက ပြောကြားခဲ့ပါတယ်။

ဒရုန်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်ဆိုတာ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်မပြောခဲ့ပါဘူး။ တိုက် ခိုက်မှုကို အီရန်နိုင်ငံက လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံက အပြစ်ဖို့ခဲ့ပေမယ့် စွပ်စွဲချက်ဟာ အခြေအမြစ်မ ရှိဘူးလို့ အီရန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

ကိုးကား – BBC
Ref; India deploys three warships to Arabian Sea after attack on tanker

#Ayeyarwaddy_Times