
မြရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးပစ်ခတ်ခံရမှု ဖြစ်စဉ် တွင် အလယ်ပိုင်းတိုင်း တိုင်းမှူးကတော် ဒေါ်သင်ဇာဝင်းသေဆုံးခဲ့ကြောင်း တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီက နောက်ဆုံး ခံတပ်အဖြစ် ခံစစ်ပြင်ဆင်ထားသည့် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းသို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၂ နာရီ၃၀မိနစ်ခန့်တွင် တာဝေးပစ် ၁၀၇-မမ ခြောက်လုံးဖြင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ဒုတိုင်းမှူးနှင့် အမျိုးသမီး စစ်သည်များနေထိုင်ရာ အဆောင်များသို့ တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“တိုင်းမှူးကတော် သေတဲ့သတင်းကဟုတ်ပါတယ်။ သတင်းမထွက်အောင် နာရေးတောင် အကျယ်တ၀င့် မလုပ်ခိုင်းဘူး။ အသုဘသင်္ဂြိုဟ်တာတောင် အနောက်ပေါက်က ခိုးထုတ်သွားတာ” ဟု အလယ်ပိုင်းတိုင်းရှိ တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ် ကိုပြောသည်။
သေဆုံးသူများမှာ အလယ်ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးချုပ်ကြည်ခိုင်၏ ဇနီးဖြစ်သူ ဒေါ်သင်ဇာဝင်း ဖြစ်ကြောင်းသိရှိရပြီး ကျန်အရာရှိအမျိုးသမီး စစ်သည်များလည်း ပါ၀င်ကြောင်း စုံစမ်းသိရှိရသည်။
၎င်းတို့သေဆုံးမှုသတင်းကို စစ်ကောင်စီတပ်က ဖုံးထားပြီး သတင်းမပြန့်စေရန်အတွက် အလောင်းများကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ၀န်းကျင်ခန့်တွင် နန်းတွင်း အနောက်ဘက်ဂိတ်မှ နာရေးကားများဖြင့် ခိုးထုတ်သွားပြီး သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံ များက ဆိုသည်။
“နန်းတွင်းထဲကို နာရေးကားတွေ၀င်သွားတာ။ အနောက်ဂိတ်ကနေ နာရေးကားတွေနဲ့ ခိုးကြောင်ခိုးဝှက်ထုတ်သွားတာ။ အကောင်ကြီးထိတာဖြစ်မယ်။ အဲဒီလိုဖြစ်တဲ့နေ့က မန္တလေးမြို့ပေါ်မှာစစ်တာ မည်းမည်းမြင်ရာ ရမ်းနေတာ” ဟု မန္တလေးမြို့နေ ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar(BwM) အဖွဲ့၏စီမံမှုဖြင့် မြို့ပြ အထူးစစ်ဆင်ရေး USO အောက်ရှိ မဟာမိတ်အဖွဲ့နှင့်အတူ No More Dictatorship People Defence Force ၊ Security & Special Task Force(SSTF-MDY)၊ ပြင်ဦးလွင်ခရိုင် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန် ထားသည်။
အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်သည်ယခင်က ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ် ကိုကိုဦး နေရာကိုစားထိုးရောက်ရှိလာခြင်းဖြစ်သည်။
လက်ရှိတွင် အလယ်ပိုင်းတိုင်းလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ အမိန့်မနာခံမှု များကြောင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ကြည်ခိုင်ကို အထက်မှဆူပူမှုများရှိနေကြောင်း သိရသည်။
ပုံစာ-အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်ဇနီး ဒေါ်သဥ္ဇာဝင်း
#မန္တလေးနန်းတွင်း #ရှော့တိုက်ဒုံးပစ်ခံရမှု #အလယ်ပိုင်းတိုင်း #တိုင်းမှူးကတော်ဒေါ်သင်ဇာဝင်း #သေဆုံး #တိတ်တဆိတ်သင်္ဂြိုဟ် #Ayeyarwaddy_Times