ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းသိမ်း တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး သေနတ် လေးလက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ZZLMS ညီနောင်မဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့နယ်အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်ဖြင့် တစ်နှစ်ကျော်ကြာ တပ်စွဲထားသည့် မြစ်သာဆည် တပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့၊ နံနက် ၅ နာရီတွင် စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

” ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွင်း စစ်ကောင်စီဘက်က လေယာဥ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ ဂန့်ဂေါ့မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဘက်က လက်နက်ကြီးတွေ ပစ်ကူပေးနေပါတယ်။ တိုက်ပွဲတွင်း မဟာမိတ်ဘက်က တစ်ဦး ကျဆုံးတယ်။ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က လေးဦး သေဆုံးပြီး အများပြားထွက်ပြေးသွားကြတယ်”ဟု CDF မရာ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့၏ စခန်းမကျရှိရေးအတွက် တိုက်လေယာဥ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဂန့်ဂေါမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခလရ -၅၀ တပ်ရင်း နှင့် အမတ-၃၇၁ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးသောကြောင်း CDF(မင်းတပ်) ရဲဘော် တစ်ဦးကျဆုံးကာ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး အချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကာ သေနတ် လေးလက်၊ ကျည် ၇၇၈ တောင့်၊ မိုင်းနှင့် အခြားဆက်စပ် စစ်ပစ္စည်းများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြစ်သာဆည် တပ်စခန်းသိမ်း တိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်ဖြစ်သည့် ZZLMS နှင့် CDF(မင်းတပ်)၊ CNO/CNDF၊ CDF-KKG၊ ဂန့်ဂေါခရိုင် PDF၊ Unbroken Generation နှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ချင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ သိမ်းယူခဲ့သည့် မြစ်သာဆည် တပ်စခန်းကို လက်ရှိတွင် ဂန်ဂေါ့မြို့နယ် အခြေစိုက် ခလရ-၅၀ တပ်ရင်းက ပြန်လည်တပ်စွဲထားကြောင်းသိရသည်။

ပုံစာ-သိမ်းဆည်းရမိသည့်လက်နက်များ

#မကွေး ဂန့်ဂေါမြို့နယ် #မြစ်သာဆည်တပ် #စခန်းသိမ်တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေ #သေနတ်၄လက်ရရှိ #Ayeyarwaddy_Times

S