ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

ညောင်တုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးက ပွဲစားများနှင့် ချိတ်ဆက်၍ နိုင်ငံခြားထွက် အလုပ်လုပ် လိုသူများကို မှတ်ပုံတင်အတုများ ပြုလုပ်ပေးနေကြောင်း ဒေသခံများထံက သိရသည်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ မြို့နယ် လဝကရုံးတွင် ပွဲစားများနှင့် ပေါင်း၍ နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်မည့်သူများထံက ငွေကြေးတောင်းယူကာ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားအတုများ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

“အစတုန်းက ကျောင်းကုန်းနဲ့ ဇလွန်မှာ လုပ်ပေးတယ်။ ကျောင်းကုန်းက အဖမ်းခံရ ပြီးတဲ့နောက် အခု ညောင်တုန်းမှာ ပြန်လုပ်ပေးနေတယ်။ ရန်ကုန်က အေးဂျင့်တွေက ပွဲစားတွေနဲ့ချိတ်ပြီး လုပ်ကြတာ။ အဓိက ကတော့ အသက်တိုးတာ၊ အသက်လျှော့ တာမျိုးပေါ့။ တစ်ယောက်ကို သုံးသိန်းလောက်အထိ ပေးနေကြရတယ် ” ဟု ညောင်တုန်းဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ညောင်တုန်းမြို့နယ် လဝက ဦးစီးဌာန သည် ပြည်ပထွက်ခွာသူများကို စစ်ဆေးခြင်းမရှိဘဲ အိမ်ထောင်စုနှင့် မှတ်ပုံတင်များ အကန့်အသတ်မရှိ ပြုလုပ်ပေးနေသော်လည်း ဒေသတွင်းနေထိုင်သူများ မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေပေးနိုင်ခြင်းမရှိပါက စစ်ဆေး မေးမြန်းခြင်းများပြုလုပ်ကာ အချိန်ဆွဲလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“ဒါတွေက ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ပြောမယ်ဆိုအတု လုပ်ပေးတာ သိသာနေတယ်ဗျာ။ အများစုက မိန်းကလေးတွေ တစ်ခါလာရင် ငါးယောက်လောက် လာကြတယ်။ ပွဲစားကတဆင့်လုပ်ကြတာ။ ဒါမျိုးတွေကျတော့ မြန်လိုက်တာ တစ်ရက်အတွင်းရတယ်။ ကျွန်တော့်သားမှတ်ပုံတင်သွားလုပ်တော့ ဟိုဟာလိုတယ် ဒီဟာ လိုတယ်ဆိုပြီး အချိန်ဆွဲနေလို့ ၂ ရက်လောက်သွားလိုက်ရတယ် “ဟု ညောင်တုန်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်ထက်တွင် ကုန်စျေးနှုန်း များမြင့်တက်မှုနှင့်အတူ ပြည်တွင်းတွင် အလုပ်လက်မဲ့ ပြဿနာများကြောင့် လူငယ်အများအပြားသည် နိုင်ငံခြားသို့သွားရောက် လုပ်ကိုင်နေကြပြီး နိုင်ငံများ၏ အသက်ရွယ်ကန့်သတ်မှုကြောင့် ယခုကဲ့သို့ အသက်တိုး အသက်လျှော့မှုများ ပြုလုပ်၍ သွားလာနေကြရကြောင်း ဒေသခံတွင်း အရင်းအမြစ်များထံက သိရသည်။

#ညောင်တုန်းမြို့နယ် #လဝကရုံး #ပွဲစားများနှင့်ချိတ်ဆက် #နိုင်ငံခြားထွက်အလုပ်လုပ်လိုသူများ #မှတ်ပုံတင်အတုပြုလုပ်ပေး #Ayeyarwaddy_Times