ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

ဧရာဝတီတိုင်းဒေသကြီးထဲက ဟင်္သာတမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေ စစ်အုပ်စုထောက်တိုင်တွေကို ဆက်လက် ဖောက်ခွဲ တိုက်ခိုက်သွားဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးပြောဆိုထားပါတယ်။

“ ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးမှူးတွေ ၊ဒလန်တွေ၊ ရဲ စစ်သားတွေနဲ့ ဝေးဝေးမှာ နေဖို့ ထည့်ရေးပေးပါ။ ကျွန်တော်တို့အလုပ်လုပ်ရတာ အခက်အခဲ ရှိလို့ပါ” ဧရာဝတီတိုက်ငါးမန်းပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ စစ်အုပ်ထောက်တိုင်နေရာတွေကိုရှင်းလင်းတဲ့အခါ ပြည်သူတွေအနားရှိနေလို့ အခက်အခဲဖြစ်ရသလို ထိမှန်တာမျိုးမဖြစ်စေချင်လို့ ကြိုတင်သိပေးပြောဆိုရတာဖြစ်တယ်လို့ ပြောက်ကျား တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးစစ်ဆေးတာတွေကြောင့် မစ်ရှင်တွေမလုပ်နိုင်ခဲ့ပေမယ့် ဇူလိုင်လနောက်ဆုံးပတ်ကစတင်ပြီး ဆက်တိုက်လုပ်ဆောင်သွားဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ မထိတ်လန့်ကြဖို့လည်း ပြောက်ကျားတပ်ဖွဲ့ဝင်တွေက မေတ္တာရပ်ခံထားပါတယ်။