ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇူလိုင်လ ၂၆ ရက်
ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်အချို့မှာ စစ်ကောင်စီက ညမထွက်ရအမိန့်တွေကို ရပ်ကွက်တွေထဲ လိုက်လံကြေညာတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ သတင်းပေးတွေနဲ့ ဌာနဆိုင်ရာရုံးတွေ အုပ်ချုပ်ရေးမှူးရုံးတွေနား ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ပြီး နောက်ပိုင်း ခုလိုမျိုး ညမထွက်ရအမိန့်တွေကို လိုက်လံကြေညာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့က လိုက်အော်နေတာ အသံချဲ့စက်နဲ့ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးဆိုပြီး ည ၁၂ နာရီကနေ နံနက် ၄ နာရီထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထွန်းထွန်းဝင်းက လက်မှတ်ရေးထိုးပြီးထုတ်ပြန်တယ်လို့ မိုက်နဲ့လိုက်အော်နေတာ ” လို့ မအူပင်မြို့ခံပြည်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းထဲက မြို့နယ် ၂၆ မြို့နယ်လုံးကို စစ်အာဏာသိမ်းပြီးထဲက ညမထွက်ရအမိန့်် ထုတ်ထားပေမယ့် သတ်တမ်းထက်တိုးတာမျိုးကို ခုလိုမျိုး လိုက်လံကြေညာနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးအင်အားတွေ ထပ်မှန်တိုးချထားပြီး နယ်ဘက်က စစ်တပ်တွေပါလှုပ်ရှားသွားလာနေတာတွေပြုလုပ်နေတာကြောင့် မြို့နယ်အတွင်း မတည်မငြိမ် ဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့ မအူပင်မြို့ဒေသခံတွေကပြောဆိုပါတယ်။
အလားတူညမထွက်ရအမိန့်ကို ဧရာဝတီတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာလည်း ထုတ်ပြန် ထားတယ်လို့ ပုသိမ်ဒေသခံကပြောပါတယ်။
ဧရာဝတီတိုင်းမှာ မြို့နယ် ၂၆ မြို့နယ်ရှိတာဖြစ်ပြီး ညမထွက်ရအမိန့်တွေကို မအူပင်နဲ့ ပုသိမ်မြို့မှာ လိုက်လံကြေညာတာရှိပေမယ့် ကျန်တဲ့မြို့နယ်တွေမှာ ကြေညာတာရှိမရှိကိုတော့ ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။